အမျိုးမျိုးသော ကင်ဆာအဆင့်များ


(ကျန်မာရေး) ဇူလိုင် ၁၀

ကင်ဆာအဆင့်များ

လူနာတစ်ယောက်ရဲ့ ကင်ဆာရောဂါအခြေအနေကို အဆင့်တွေခွဲခြားပြီး ပြောကြရပါတယ်။ ကင်ဆာအဆင့် (Cancer stage) က လူနာရဲ့ ကင်ဆာဟာ ဘယ်မှာဖြစ်နေတာလဲ၊ အရွယ်အစား ဘယ်လောက်ရှိသလဲ၊ အနီးအနားက တစ်သျှူးတွေဆီကို ဘယ်လောက် ပျံ့နှံ့သွားပြီလဲ၊ ပြန်ရည်ဖုတွေနဲ့ အခြားသော ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေဆီ ပြန့်ပွားသွားပြီလား စတာတွေကို ပြောပြပေးပါတယ်။ ဆရာဝန်တွေက ကင်ဆာ ဝေဒနာရှင်တစ်ဦးကို ကင်ဆာကုထုံးတစ်ခုခုနဲ့ ကုသမှုမပြုလုပ်မီမှာ အဲဒီလူနာရဲ့ ကင်ဆာ အဆင့် ဘယ်လောက် မှာရှိနေသလဲ ဆိုတာကို သိရှိဆုံးဖြတ်နိုင်ဖို့ ခန္ဓာကိုယ်ကို စစ်ဆေးတာ၊ ဓာတ်မှန်နဲ့ အခြားသော ပုံရိပ်ဖော်စစ် ဆေးမှုတွေ လုပ်ဆောင်တာအပြင် အခြားလိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ အများအပြား လုပ်ဆောင်ကြရပါ တယ်။ အဲဒီ စစ်ဆေးမှုတွေ မပြီးမချင်း ကင်ဆာအဆင့် သတ်မှတ်မှုက မပြီးဆုံးသေးပါဘူး။

ကင်ဆာအဆင့်က ဘာကြောင့် အရေးကြီးတာလဲ။

ကင်ဆာအဆင့်ကို ခွဲခြားပေးလိုက်ခြင်းအားဖြင့် ဆရာဝန်အနေနဲ့ လူနာကို အထိရောက်ဆုံး ကုသမှု အစီအစဉ်ချ မှတ်ပေးနိုင်ပါတယ်။ ဆိုလိုတာက ဆရာဝန်ဟာ ခွဲစိတ်မှုကုသမှုအမျိုးအစား (type of surgery) ကို ရွေးချယ်နိုင်တယ်။ ဒါ့အပြင် ဆေးသွင်းကုသမှု (chemotherapy) ဒါမှမဟုတ် ဓာတ်ကင်ကုသမှု (radiate-on) လုပ်ဖို့ လိုအပ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်တယ်။ ကင်ဆာအဆင့်ကို သိရှိခြင်းက ကင်ဆာဆရာဝန် အတွက် သာမကဘဲ မိမိရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခြားသော ဆရာဝန်တွေ၊ ပညာရှင်တွေအားလုံးအတွက် ရောဂါနဲ့ ပတ်သက်တဲ့ ဆွေးနွေးစရာအချက်အလက်တွေ အများအပြား ရရှိစေပါတယ်။

ဆရာဝန်တွေဟာ ကင်ဆာအဆင့်ခွဲခြားသတ်မှတ်ခြင်းကို အောက်မှာဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုလေ့ ရှိပါတယ်။

ကုသမှုပြုလုပ်ပြီးနောက်မှာ ကင်ဆာပြန်ဖြစ်လာနိုင်မှုနဲ့ ပြန့်ပွားနိုင်မှု အလားအလာကို နားလည်နိုင်ဖို့ ရောဂါကနေ ပြန်လည်သက်သာပျောက်ကင်းလာနိုင်ချေ အခြေအနေကို ကြိုတင်ခန့်မှန်းနိုင်ဖို့၊ ဘယ်စမ်းသပ်ဆဲကင်ဆာဆေးဝါးတွေက လူနာမှာအသုံးပြုဖို့ ဖြစ်နိုင်ချေရှိတယ်ဆိုတာကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုဖို့၊ ကင်ဆာကိုကုသရာမှာ အသုံးပြုတဲ့ ကုထုံးတစ်ခုဟာ ဘယ်လောက်ထိရောက်သလဲ ဆိုတာကို သိ ရှိနိုင်ဖို့၊ တူညီတဲ့ ကင်ဆာရောဂါကို ရှာဖွေအတည်ပြုထားတဲ့ လူနာတွေအများအပြားပါဝင်တဲ့ အုပ်စုထဲမှာ မတူညီတဲ့ ကုထုံးတွေက ထိရောက်မှု ဘယ်လောက် ကွာခြားကြတယ်ဆိုတာကို သိရှိနိုင်ဖို့။

ကင်ဆာအဆင့်ခွဲခြားမှု ဘယ်အခါမှာ ပြီးဆုံးသလဲ။

လူနာတစ်ယောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တလျှောက် ကင်ဆာအဆင့်ခွဲခြားမှုကို အချိန်အခါ အမျိုးမျိုးမှာ ဆောင်ရွက်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုမျိုး ဆောင်ရွက်ကြသလဲဆိုတာကို ဒီမှာ ဆက်လက်ဆွေးနွေးသွား ပါမယ်။ ဒါက “TMN category” ကို ရည်ညွှန်းတာ ဆိုတာကို စာဖတ်သူတချို့ သိ ရှိပြီး ဖြစ်ပါလိမ့်မယ်။ TMN ဆိုတာကတော့ ကင်ဆာကို အဆင့်ခွဲခြားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ နောက်ပိုင်းမှာ အသေးစိတ် ဆွေးနွေးသွားပါမယ်။

Clinical staging – ကင်ဆာကုထုံးတွေ လုံးဝအသုံးမပြုရသေးချိန်၊ တနည်းအားဖြင့် ကင်ဆာကို လုံးဝ မကုသရသေးချိန်မှာ ဆောင်ရွက်တဲ့ ကင်ဆာအဆင့်ခွဲခြားမှုနည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ဆရာဝန်က လူနာကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု (physical exams) တွေ ပြုလုပ်ရပါတယ်။ လူနာ ရဲ့ဆေးမှတ်တမ်း (medical history)၊ ဓာတ်မှန် (x-rays) နဲ့ အခြား ပုံရိပ်ဖော် စမ်းသပ်စစ်ဆေးမှု တွေ (imaging and scans) နဲ့ ဓာတ်ခွဲစမ်းသပ်မှု (diagnostic tests) ရလဒ်အဖြေတွေအားလုံးကို ကြည့်ရှုစစ်ဆေးမှာ ဖြစ်ပါတယ်။ ကင်ဆာအကျိတ်၊ ပြန်ရည်ကျိတ်နဲ့ အခြားသော တစ်သျှူးတွေဆီ ကနေ အသားစနမူနာ (biopsy) ရယူပြီး စစ်ဆေးထားတဲ့ ရလဒ်တွေကိုလည်း စစ်ဆေးဖို့ လိုအပ်ပါ တယ်။ Clinical staging က ဆရာဝန်နဲ့ လူနာကိုယ်တိုင်အတွက် ဘယ်လိုကု သမှုတွေ ဆက်လက် လုပ်ဆောင်မလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ဖို့ အကူအညီပေးပါတယ်။ Clinical staging ကို TMN catagory မတိုင်မီမှာ “c” (အင်္ဂလိပ်အက္ခရာ စီ အသေး) နဲ့ ရည်ညွှန်းဖော်ပြပါတယ်။

Pathological staging – ဒီ ကင်ဆာအဆင့်ခွဲခြားတဲ့ စနစ်ကတော့ Clinical staging နဲ့ အတော် များများ တူ ညီပါတယ်။ Clinical staging မှာ သုံးခဲ့တဲ့ စမ်းသပ်စစ်ဆေးမှုတွေအပြင် ထပ်ပြီး ပိုလာတာကတော့ (ခွဲစိတ်ကုသမှုဟာ ပထမဦးဆုံး ကင်ဆာကုသမှုလုပ်ငန်းစဉ် ဖြစ်တယ်ဆိုရင်) ခွဲ စိတ်ကုသစဉ်မှာ ရရှိလာတဲ့ အချက်အလက်တွေအားလုံးကိုပါ ထည့်သွင်းစဉ်းစားပြီး ကင်ဆာအ ဆင့် ခွဲခြားခြင်းပဲ ဖြစ်ပါတယ်။ Pathological staging ကိုတော့ TMN catagory မတိုင်မီမှာ “p” (အင်္ဂလိပ်အက္ခရာ ပီ အသေး) နဲ့ ရည်ညွှန်းဖော်ပြပါတယ်။

Post-therapy staging – ခွဲစိတ်ကုသမှုဟာ ပထမဆုံးကုထုံး မဟုတ်ဘဲ၊ ခွဲစိတ်မှု မတိုင်မီ အခြား ကုထုံး တစ်ခုခုကို ဆောင်ရွက်ရတယ်ဆိုရင်တော့ အဲဒီကုထုံးပြီးတဲ့အခါ Post-therapy staging ကို ဆောင်ရွက်ရပါတယ်။ ဆိုလိုတာက ကင်ဆာလို့ သိရှိပြီးနောက် ဆေးသွင်းကုသတာ၊ ဓာတ် ရောင်ခြည်နဲ့ ကုသတာ၊ ဟိုမုန်းနဲ့ ကုသတာ စသည်ဖြင့် ကုထုံးတစ်ခုခုနဲ့ ကုသပြီးတဲ့နောက် ရရှိ လာတဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီး ကင်ဆာအဆင့် ခွဲခြားတာ ဖြစ်ပါတယ်။ ဘာကြောင့် ကင်ဆာကို ခွဲမထုတ်မီမှာ အဲဒီလို ကုထုံးတွေ အရင်လုပ်ဆောင်ရသလဲဆိုတော့ ကင်ဆာအကျိတ် က အရမ်းကို ကြီးနေတဲ့အခါမျိုးမှာ မခွဲစိတ်မီ ကျုံ့သွား၊ သေးသွားအောင် ဆောင်ရွက်ဖို့ လိုအပ်လို့ ဖြစ်ပါတယ်။ ကုထုံးကြောင့် ကင်ဆာအကျိတ်က သေးကျုံ့သွားတဲ့အခါ ခွဲစိတ်ရတာ ပိုမိုလွယ်ကူ စေပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် နောက်ထပ်ရတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ လူနာကို ခွဲစိတ်ပြီးနောက်ပိုင်း ဘယ်လိုကုထုံးတွေနဲ့ကုသရင် ပိုပြီးထိရောက်မလဲဆိုတာကို ပိုမိုသိရှိ လာစေ ပါတယ်။ Post-therapy staging ကို TMN catagory မတိုင်မီမှာ “y” (အင်္ဂလိပ်အက္ခရာ ဝိုင် အသေး) နဲ့ ရည်ညွှန်းဖော်ပြပါတယ်။

ဆရာဝန်တွေအနေနဲ့ TMN စနစ်ကို အသုံးပြုပြီး ကင်ဆာအဆင့်ကို ခွဲခြားတော့မယ်ဆိုရင် ဘယ်လို ကင်ဆာအမျိုး အစားဖြစ်ပါစေ၊ Clinical staging နဲ့ မဖြစ်မနေ စတင်ရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု၊ ဒါမှ မဟုတ် အခြားကုထုံးတစ်ခုခုကို ပထမဆုံးအကြိမ် ဆောင်ရွက်ပြီးတဲ့နောက်မှာ Pathological staging ဒါမှ မဟုတ် Post-therapy staging ကို ဆက်လက်ပြီး လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Clinical staging က ဘယ်လိုစပြီး ကုသကြမလဲ ဆိုတာကို စဉ်းစားနိုင်ဖို့ အကူအညီပေးပါတယ်။ ဒါပေမယ့် ကင်ဆာအဆင့်ကို တိ တိကျကျ ခွဲခြားဖို့အတွက် ပိုပြီးအသေးစိတ်ကျတဲ့ အချက်အလက်တွေကိုတော့ Pathological staging နဲ့ Post-therapy staging တွေက ပေးပါတယ်။ အဲဒါတွေ အားလုံးပေါင်းမှသာ လူနာရဲ့ ရောဂါအခြေအနေ ရှေ့အလား အလာ (prognosis) ကို နားလည်သိရှိလာနိုင်မှာ ဖြစ်ပါတယ်။

TMN ကင်ဆာအဆင့်ခွဲခြားနည်းစနစ် (TMN staging system) ဆိုတာဘာလဲ?

ဆရာဝန်တွေအနေနဲ့ ကင်ဆာအမျိုးအစားအများစုကို အဆင့်ခွဲခြားရာမှာ TMN စနစ်ကို အသုံးပြုပါ တယ်။ TMN စနစ်မှာ ကင်ဆာအကျိတ် (tumor – “T”) ၊ ပြန်ရည်ကျိတ် (lymph node – “N”) နဲ့ ကင်ဆာဟာ အခြားနေရာတွေကို ပြန့်ပွား သွားခြင်း ရှိ၊ မရှိ (metastases – “M”) ဆိုတာတွေကို အက္ခရာတွေ၊ ကိန်းဂဏန်းတွေနဲ့ ဖော်ပြပြီး ကင်ဆာအဆင့်ကို ခွဲခြားပြ ပါတယ်။ ဒါပေမယ့် ကင်ဆာ အဆင့်အလိုက် T ၊ M နဲ့ N တို့ရဲ့ အခြေအနေ အဓိပ္ပာယ်သတ်မှတ်ချက်တွေကတော့ ကင်ဆာအမျိုးအစား တစ်ခုနဲ့တစ်ခု မတူညီကြ ပါဘူး။

ကင်ဆာအကျိတ် (tumor – “T”)

“T” (အင်္ဂလိပ်အက္ခရာ “တီ” အကြီး) နဲ့ သူ့ရဲ့နောက်မှာ ကပ်လျက်ပါတဲ့ ကိန်းဂဏန်းဟာ ကင်ဆာ အကျိတ်ရဲ့ အခြေအနေကို ဖော်ပြပေးပါတယ်။ အဲဒီ ကိန်းဂဏန်းကို အောက်ပါမေးခွန်းတွေကို ဖြေပေးပါတယ်။

မူလကင်ဆာအကျိတ် (primary tumor) က ဘယ်လောက် ကြီးနေသလဲ။

အဲဒီ ကင်ဆာအကျိတ်ဟာ စတင်ဖြစ်ပေါ်ရာနေရာ အနီးတဝိုက်က တစ်သျှူးနဲ့ အင်္ဂါအစိတ်အပိုင်း တွေဆီကို တိုးဝင်ရောက်ရှိနေပြီလား။

ကင်ဆာအကျိတ်က ဘယ်နေရာမှာ ရှိနေတာလဲ။

ကင်ဆာအကျိတ်ရဲ့ အခြေအနေကို “T” နဲ့ ဖော်ပြရာမှာ “T” ရဲ့ အနောက်က အက္ခရာ၊ ဒါမှမဟုတ် ကိန်း ဂဏန်း၊ ဒါမှမဟုတ် အက္ခရာ ကို တွဲဖက်ပြီး ဖော်ပြလေ့ ရှိပါတယ်။ အဲဒီ အက္ခရာတွေ၊ ကိန်းဂဏန်းတွေက ကင်ဆာအကျိတ်ရဲ့ အခြေအနေတွေကို ပိုပြီး အသေးစိတ် ဖော်ပြပေးပါတယ်။ တွေ့ရနိုင်တဲ့ အက္ခရာနဲ့ ကိန်း ဂဏန်း တွေက အောက်မှာဖော်ပြထား တဲ့ အတိုင်း ဖြစ်ပါတယ်။

“TX” – T အနောက်မှာ အင်္ဂလိပ်အက္ခရာ “X” ကို ဖော်ပြထားတာကတော့ ကင်ဆာအကျိတ် နဲ့ပတ်သက်ပြီး ဘာအချက်အလက်မှ မရဘူး၊ ဒါမှမဟုတ် ကင်ဆာအကျိတ်ကို တိုင်းတာလို့မရဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။

“T0” – T အနောက်မှာ ကိန်းဂဏန် သုည “0” ကို ဖော်ပြထားတာကတော့ ကင်ဆာအကျိတ်ရှိ တယ်ဆိုတဲ့ အထောက်အထား လုံးဝမရှိဘူးလို့ အဓိပ္ပာယ်ရပါတယ်။

“Tis” – T ရဲ့ အနောက်မှာ ဖော်ပြထားတဲ့ “is” ဆိုတာက “in situ” ကို ဖော်ပြတာ ဖြစ်ပါတယ်။ ကင်ဆာအကျိတ်ဟာ စတင်ဖြစ်ပေါ်တဲ့ နေရာမှာပဲ ရှိနေသေးတယ်။ ဘေးပတ်ဝန်းကျင်ကို ပြန့်ပွား မသွားသေးဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

“T1- T4” – ကင်ဆာအကျိတ်ရဲ့ အရွယ်အစားနဲ့ နေရာကို ကိန်းဂဏန် “1” ကနေ “4” အထိ အဆင့် ဆင့်ခွဲခြားပြီး ဖော်ပြပါတယ်။ ကင်ဆာအကျိတ်အရွယ်အစား ကြီးမားလာလေလေ၊ ဒါမှမဟုတ် ကင်ဆာအကျိတ်က အနီးအနားက တစ်သျှူးတွေထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက်နေလေလေ၊ ကိန်းဂဏန်းက ကြီးလာလေလေ ဖြစ်ပါတယ်။

အချို့သော ကင်ဆာအမျိုးအစားတွေအတွက် “T” ရဲ့ နောက်မှာ ကင်ဆာရဲ့ အရွယ်အစားနဲ့ ပြန့်နှံ့မှုကို ကိန်းဂဏန်း ၁ ကနေ ၄ အထိ “T1-T4” အဖြစ် ဖော်ပြရာမှာ အဆင့်တစ်ဆင့်ချင်းဆီမှာ အဆင့်ခွဲ (sub-stage) တွေ ထပ်ပြီး ခွဲခြားဖော်ပြပါတယ်။ ကင်ဆာအကျိတ်နဲ့ပတ်သက်ပြီး ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက် တွေကို ပေးထားတာပါ။ အဆင့်ခွဲတွေကို ဖော်ပြရာမှာ ကိန်းဂဏန်းအနောက်က အင်္ဂလိမ်အက္ခရာ အသေး (lowercase letter) တွေ ဖြစ်တဲ့ “a, b” စတာတွေနဲ့ ဖော်ပြပေးလေ့ ရှိပါတယ်။ ဥပမာအား ဖြင့် “T2b” လို့ ဖော်ပြတာမျိုးပါ။ အဲဒီကိန်းဂဏန်းအနောက်က အင်္ဂလိမ်အက္ခရာ အသေးတွေက ဘာကို ရည်ညွှန်းတယ်ဆိုတာ ကတော့ ကင်ဆာအမျိုးအစား တစ်ခုချင်းစီပေါ်မူတည်ပြီး ကွဲပြားခြားနားလေ့ ရှိပါတယ်။ တကယ်လို့ ကင်ဆာအကျိတ်က တစ်ခုတည်း မဟုတ်ဘဲ အကျိတ်တွေ အများကြီးရှိနေတယ်ဆိုရင်တော့ “m” နဲ့ ဖော်ပြလေ့ ရှိပါတယ်။

ပြန်ရည်ကျိတ် (lymph node – “N”)

အင်္ဂလိပ်အက္ခရာ “N” နဲ့ သူ့နောက်က ကိန်းဂဏန်းတွေကတော့ ပြန်ရည်ဖု (lymph node) တွေဆီကို ကင်ဆာ ပြန့်နှံ့ရောက်ရှိသွားပြီးတဲ့နောက်မှာ ဖော်ပြပါတယ်။ ပြန်ရည်ဖုဆိုတာ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ရှိတဲ့ ပဲစေ့ပုံစံ အဖုငယ် လေးတွေဖြစ်ပြီး ရောဂါတွေကို ခန္ဓာကိုယ်က တိုက်ထုတ်တဲ့နေရာမှာ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အဲဒီ ပြန်ရည်ဖုလေးတွေဟာ များသောအားဖြင့် ကင်ဆာဆဲလ်တွေ မူလနေရာကနေ စတင်ပြန့်ပွားရာ နေရာလည်း ဖြစ်ပါတယ်။ “N” ကနေ ဖြေပေးနိုင်တဲ့ မေးခွန်းတွေကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

ကင်ဆာက ပြန်ရည်ဖုတွေဆီ ပြန့်ပွားသွားပြီလား။

တကယ်လို့ ပြန်ရည်ဖုတွေဆီ ပြန့်ပွားသွားပြီဆိုရင် ဘယ်ပြန်ရည်ဖုဆီ ရောက်နေတာလဲ။ ဘယ်လောက် ရောက်နေတာလဲ။

ကင်ဆာစတင်ဖြစ်ပွားရာ နေရာအနီးအနားက ပြန်ရည်ဖုတွေကို “regional lymph node” တွေလို့ ခေါ် ပါတယ်။ သူတို့ကလွဲလို့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရှိနေတဲ့ ပြန်ရည်ဖုအားလုံးကိုတော့ “distant lymph node” တွေလို့ ခေါ်ပါတယ်။ “N” မှာ ရည်ညွှန်းတဲ့ ပြန်ရည်ဖုတွေက ကင်ဆာအကျိတ်နားမှာရှိတဲ့ ပြန်ရည်ဖု “regional lymph node” တွေ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ “distance lymph node” တွေကို “M” ထဲမှာပဲ ထည့်သွင်းစဉ်းစားပါတယ်။ (“M” အကြောင်း အောက်မှာ ဆက်လက်ဆွေးနွေးထားပါတယ်။)

“N” နောက်မှာ သုည ကနေ သုံးအထိ (0-3) ကိန်းဂဏန်းတစ်ခုခုကို တွဲဖက်ဖော်ပြလေ့ ရှိပါတယ်။

“N0” – “N” ရဲ့ အနောက်မှာ သုည “0” ကို တွဲဖက်ဖော်ပြထားတာက ပြန်ရည်ဖုတွေဆီ ကင်ဆာ ရောက်ရှိမ လာသေးဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

ကင်ဆာအများစုအတွက်တော့၊ ကင်ဆာရောက်ရှိနေတဲ့ ပြန်ရည်ဖု များလေလေ၊ “N” ရဲ့ နောက် မှာ ဖော်ပြတဲ့ ကိန်းဂဏန်း ကြီးလာလေလေပါ။

တချို့သော ကင်ဆာအမျိုးအစားတွေမှာတော့ ကင်ဆာရောက်ရှိနေတဲ့ ပြန်ရည်ဖုရဲ့ နေရာကို မူတည်ပြီးတော့ လည်း “N” ရဲ့ အနောက်မှာ ကိန်းဂဏန်းတွေ ကွဲပြားတာမျိုး ရှိနိုင်ပါတယ်။

အခြားနေရာတွေဆီ ကင်ဆာပြန့်ပွားသွားခြင်း (metastases – “M”)

အင်္ဂလိပ်အက္ခရာ “M” နဲ့ သူ့ရဲ့နောက်က ကိန်းဂဏန်းတွေက ကင်ဆာဟာ မူလနေရာကနေ အခြား နေရာတွေဆီ ပြန့်ပွားသွားပြီ ဆိုတာကို ဖော်ပြပါတယ်။ “M” က အောက်မှာဖော်ပြထားတဲ့ မွေးခွန်းတွေကို ဖြေပေးပါတယ်။

ကင်ဆာက အခြားနေရာတွေဆီ ပြန့်ပွားသွားပြီလား။

ပြန့်ပွားသွားပြီဆိုရင် ဘယ်နေရာတွေကိုလဲ၊ ဘယ်လောက် ပြန့်ပွားသွားတာလဲ။

တကယ်လို့ ကင်ဆာက အခြားနေရာတွေဆီ ပြန့်ပွားမသွားသေးဘူးဆိုရင် အဆင့်က “M0” ဖြစ်ပြီး၊ အခြားနေရာ တွေဆီကို ပြန့်ပွားသွားပြီဆိုရင်တော့ အဆင့်က “M1” ဖြစ်ပါတယ်။

ကင်ဆာအဆင့်ခွဲခြားရာမှာ အသုံးပြုတဲ့ အခြားသော အချက်အလက်များ

အချို့သောကင်ဆာအမျိုးအစားတွေအတွက် အဆင့်ခွဲခြားသတ်မှတ်ရာမှာ TMN category အပြင် အ ခြားသော အချက်အလက်တွေကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ အဲဒီအချက်တွေကို အောက်မှာ ဆွေးနွေး ဖော်ပြထားပါတယ်။

Grade

ကင်ဆာဆဲလ်တွေဟာ ပုံမှန်ကျန်းမာတဲ့ ဆဲလ်တွေနဲ့ ဘယ်လောက်များဆင်တူသလဲ ဆိုတာကို Grade နဲ့ ဖော်ပြပေးပါတယ်။ အဲဒီလို Grade ခွဲနိုင်ဖို့ ရောဂါဗေဒဆရာဝန်က ဆဲလ်တွေကို အဏုကြည့်မှန်ဘီလူး (microscope) အောက်မှာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ရောဂါဗေဒဆရာဝန် (pathologist) ဆိုတာက ဆဲလ် တွေ၊ တစ်သျှူးတွေ၊ အင်္ဂါအစိတ်အပိုင်းတွေ ကို အသေးစိတ်စစ်ဆေးပြီး ရောဂါရှာဖွေတဲ့ အထူးပြုဆရာဝန်တွေ ဖြစ်ပါတယ်။ သူတို့က ကင်ဆာဆဲလ်တွေနဲ့ ပုံမှန်ကျန်းမာတဲ့ဆဲလ်တွေကို နှိုင်းယှဉ်လေ့လာကြပါတယ်။ ကျန်း မာတဲ့ဆဲလ်တွေမှာလည်း ဆဲလ်အုပ်စုတွေ အများကြီး ကွဲပြားနေတာပါ။

တကယ်လို့ ကင်ဆာဆဲလ်တွေဟာ ကျန်းမာတဲ့ပုံမှန်ဆဲလ်တွေနဲ့ ဆင်တူပြီး၊ ဆဲလ်အုပ်စုတွေလည်း ကွဲကွဲ ပြားပြား ခွဲခြားနိုင်သေးတယ်ဆိုရင် အဲဒါကို “differentiated tumor” ဒါမှမဟုတ် “low-grade tumor” လို့ သတ်မှတ်ပါတယ်။

တကယ်လို့ ကင်ဆာဆဲလ်တွေဟာ ကျန်းမာတဲ့ပုံမှန်ဆဲလ်တွေနဲ့ လုံးဝ မတူတော့ဘူးဆိုရင်တော့ “poorly differentiated tumor” ဒါမှမဟုတ် “high-grade tumor” လို့ သတ်မှတ်ပါတယ်။

Grade တွေက ကင်ဆာဟာ ဘယ်လောက်မြန်မြန် ပြန့်ပွားသွားနိုင်သလဲ ဆိုတာကို ကြိုတင်ခန့်မှန်းဖို့ အထောက် အကူပြုပါတယ်။ ဆရာဝန်တွေက ကင်ဆာရဲ့ Grade ကို အင်္ဂလိပ်အက္ခရာ “G” နဲ့ ဖော်ပြလေ့ ရှိပြီး အနောက်မှာ ကိန်းဂဏန်း တွေ တွဲဖက်ဖော်ပြပါတယ်။ ကင်ဆာအများစုကို “0-3” အဖြစ် အဆင့်ခွဲခြား ဖော်ပြ ပါတယ်။ ဒါပေမယ့် အချို့သော ကင်ဆာအမျိုးအစားတွေမှာတော့ Grade တွေကို “0-4” အဖြစ် အဆင့်ခွဲခြား ဖော်ပြလေ့ ရှိပါတယ်။

Biomarkers

Biomarker တွေကို “tumor marker” တွေလို့လည်း ခေါ်ပါတယ်။ ကင်ဆာဆဲလ်တွေမျာ အဲဒီ Bio-marker တွေ ပုံမှန်ရှိရမယ့် ပမာဏထက် ပိုမို မြင့်မားနေသလို၊ ကင်ဆာဝေဒနာရှင်အချို့ရဲ့ သွေး၊ ဆီး နဲ့ တစ် သျှူးတွေထဲမှာလည်း မြင့်မားနေတတ်ပါတယ်။ Biomarker က အချို့သောကင်ဆာအမျိုးအစားတွေ ပြန့်ပွား လာနိုင်ချေ ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြပေးပါတယ်။ ဒါ့အပြင် ဆရာဝန်တွေအနေနဲ့ ဘယ်ကုထုံးကို အသုံးပြုရမလဲဆိုတာကို ရွေးချယ်ဖို့လည်း အထောက်အကူပြုပါတယ်။ အချို့ကင်ဆာတွေအတွက်၊ tumor markers တွေဟာ ကင်ဆာအဆင့်ခွဲဖို့ထက် ကုသရေးအစီအမံတွေချမှတ်ဖို့တောင် ပိုပြီး အသုံးဝင်နေတတ် ပါ တယ်။

Tumor genetics

သုတေသီတွေအနေနဲ့ ကင်ဆာအမျိုးအစား အများအပြားမှာ ပါဝင်ပတ်သက်နေတဲ့ မျိုးဗီဇ (genes) တွေကို ရှာဖွေတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိထားကြပြီး ဖြစ်ပါတယ်။ အဲဒီ မျိုးဗီဇဆိုင်ရာအချက်အလက် တွေက ကင်ဆာဟာ ပြန့်နှံ့သွားမှာလား ဆိုတာကို ဖော်ပြပေးနိုင်သလို၊ ကုသမှုတွေက ဘယ်လိုဆိုရင် အထိ ရောက်ဆုံးဖြစ်မလဲ ဆိုတာကိုပါ ခန့်မှန်းနိုင်ဖို့ အထောက်အကူပြု ပါတယ်။ ဆရာဝန်တွေအနေနဲ့ Tumor genetics အချက်အလက်တွေကို အသုံးပြုပြီး တစ်ယောက်ချင်း စီအတွက် ထိရောက်မယ့် ကုထုံးတွေကို ရွေးချယ်နိုင်ပါတယ်။

ကင်ဆာအဆင့်များကို အုပ်စုဖွဲ့ခြင်း (Cancer stage grouping)

TMN category အရ လေ့လာဆန်းစစ်ပြီး သိရှိလာတဲ့ ကင်ဆာရဲ့ အချက်အလက်တွေကို စုစည်းပြီး လူနာဟာ ကင်ဆာဘယ်အဆင့်ကို ရောက်နေပြီ ဆိုတာမျိုး ဖော်ပြနိုင်ပါတယ်။ ကင်ဆာအများစုကို အဆင့် ၁ “Stage I (1)” ကနေ အဆင့် ၄ “Stage IV (4)” အထိ ခွဲခြား ဖော်ပြကြပါတယ်။ ဒါပေမယ့် အချို့သော ကင်ဆာတွေမှာတော့ အဆင့် ၀ “Stage 0” ကိုပါ ထည့်သွင်းဖော်ပြနိုင်ပါတယ်။

Stage 0 - ဒီအဆင့်ကတော့ ကင်ဆာဟာ “in situ” လို့ခေါ်တဲ့ မပြန့်ပွားပဲ နဂိုနေရာလေးမှာပဲ လုံလုံခြုံခြုံ ရှိ နေသေးတဲ့ အဆင့် ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်က တစ်သျှူးတွေဆီကိုတောင် မပြန့်ပွားသွားသေးပါဘူး။ ဒီအဆင့်က ကုသလို့ ရတဲ့အဆင့် ဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာအကျိတ် တစ်ခုလုံးကို ခွဲစိတ်ပြီး ဖယ်ထုတ်ပစ်လိုက်နိုင်ပါတယ်။ 
Stage I - ဒီအဆင့်မှာတော့ ကင်ဆာဟာ ပတ်ဝန်းကျင်က တစ်သျှူးတွေဆီ စပြီး ပြန့်လာပြီဆိုပေ မယ့် နက်နက်ရှိုင်းရှိုင်းပြန့်နှံ့သွားတာမျိုး မဟုတ်သေးပါဘူး။ ပြန်ရည်ဖုတွေနဲ့ အခြားသော ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေဆီ မပြန့်ပွားသွားသေးတဲ့ အခြေအနေဖြစ်ပါတယ်။ အစပိုင်းကာလ၊ နုသေး တဲ့ကာလ “early stage cancer” လို့လည်း သတ်မှတ်နိုင်ပါတယ်။ 
Stage II နှင့် Stage III - ဒီအဆင့် နှစ်ဆင့်မှာတော့ ကင်ဆာဟာ ပတ်ဝန်းကျင်က တစ်သျှူး တွေဆီကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ပြန့်ပွားနေပြီ ဖြစ်ပါတယ်။ ပြန်ရည်ဖုတွေဆီကိုတောင် ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကိုတော့ မရောက် သေးပါဘူး။ 
Stage IV - ဒီအဆင့်ကတော့ ကင်ဆာဟာ အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအထိ ပြန့်ပွား သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကို ကင်ဆာရင့်သွားပြီ “advanced cancer” ဒါမှမဟုတ် ပျံ့ သွားပြီ “metastatic cancer” လို့ ဆိုနိုင်ပါတယ်။ 

ကင်ဆာ အဆင့် ပြန်ခွဲခြင်း (Cancer restaging)

လူနာတစ်ယောက်ရဲ့ ကင်ဆာကို စတင်တွေ့ရှိချိန်နဲ့ ကုသမှု စတင်ချိန်မှာ ခွဲခြားသတ်မှတ်ထားတဲ့ ကင် ဆာအဆင့်ကို နောက်ပိုင်းမှာ ပြောင်းလဲသတ်မှတ်တာမျိုး မလုပ်ပါဘူး။ အဲဒီလို မပြောင်းလဲမှသာ နဂိုသတ်မှတ် ထားတဲ့ ကင်ဆာအဆင့် နဲ့ ကုသမှုကြောင့်ဖြစ်ပေါ်လာတဲ့ ရလဒ်တွေကို နှိုင်းယှဉ်လေ့လာပြီး လူနာရဲ့တိုးတက် မှု၊ ကုသမှုရဲ့ထိရောက်မှုနဲ့ ရှေ့အလားအလာတွေကို သုံးသပ်နိုင်မှာပါ။ ဒါ့အပြင် ကုထုံးတွေက လူနာအများစု အပေါ် ဘယ်လိုသက်ရောက်တယ်ဆိုတာကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကင်ဆာဟာ သက်သာသွားပြီးမှ၊ ဒါမှမဟုတ် ပျောက်ကင်းသွားပြီးမှ ထပ်ပြီးဖြစ်လာ၊ ပြန့်ပွား လာတာမျိုး ရှိတယ်ဆိုရင်တော့ ကင်ဆာအဆင့်သတ်မှတ်မှုကို ထပ်မံလုပ်ဆောင်ရပါတယ်။ ဒါကို restaging လို့ ခေါ်ပါတယ်။ အင်္ဂလိပ် အက္ခရာ အာရ် အသေး “r” နဲ့ ဖော်ပြလေ့ ရှိပါတယ်။ ဥပမာ “rN1” ဆိုတာက ပြန်ရည်ဖု တွေဆီ ကင်ဆာရောက်ရှိနေမှုကို ပြန်ပြီး အဆင့်ခွဲသတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ Restaging လုပ်ဆောင် ဖို့ဆိုရင် ပထမဆုံးအကြိမ် ကင်ဆာအဆင့်ခွဲခြား သတ်မှတ်စဉ်က ဆောင်ရွက်ခဲ့တဲ့ စမ်းသပ်စစ်ဆေးမှုတွေ အား လုံးလိုလို ပြန်လည်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို စစ် ဆေးစမ်းသပ်မှုတွေ လုပ်ပြီးမှ ရလဒ်ကို ကြည့်ပြီး ဆရာဝန်က Restage အဆင့်တွေကို ပြန်လည် သတ်မှတ်ပေးပါတယ်။

အခြား ကင်ဆာအဆင့် ခွဲခြားခြင်း နည်းလမ်းများ

TMN စနစ်ဟာ အသုံးများတဲ့ ကင်ဆာအဆင့်ခွဲခြားစနစ် ဖြစ်ပါတယ်။ TMN ကို အစိုင်အခဲပုံစံနဲ့ ဖြစ်ပေါ် တဲ့ ကင်ဆာ တွေမှာ အဓိကထား အသုံးပြုပါတယ်။ ဥပမာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ စတာတွေ ဖြစ်ပါတယ်။ အဲ ဒီလို အဆိုင်အခဲအနေနဲ့ မဟုတ်တဲ့ ကင်ဆာအမျိုးအစားတွေအတွက်တော့ ဆရာဝန် တွေက မတူကွဲပြားတဲ့ ကင်ဆာအဆင့် ခွဲခြားစနစ်တွေကို အသုံးပြုရပါတယ်။

ဗဟိုအာရုံကြောစနစ်ကင်ဆာ(ဦးနှောက်ကင်ဆာ) (Central nervous system tumors – Brain tumors) – ဒီလိုကင်ဆာအမျိုးအစားမှာ ကင်ဆာဟာ ဦးနှောက်နဲ့ ဗဟိုအာရုံကြောမကြီး (spinal cord) ရဲ့ ပြင်ပကို ရောက်ရှိပြီး ပြန့်ပွားသွားလေ့မရှိပါဘူး။ ဒါကြောင့် ကင်ဆာအဆင့်ခွဲခြားတဲ့အခါ TMN စနစ်တစ်ခုလုံးကို အ ပြည့်သုံးစရာ မလိုဘဲ၊ “T” တစ်ခုတည်းကိုပဲ စစ်ဆေးပြီး အဆင့်ခွဲခြား သတ်မှတ်ရပါတယ်။

ကလေးကင်ဆာများ (Childhood cancers) – TMN စနစ်ကို ကလေးကင်ဆာရောဂါတွေမှာ ထည့် သွင်းစဉ်းစားတာမျိုး မလုပ်ပါဘူး။ ဆရာဝန်တွေက ကလေးကင်ဆာတွေကို အဆင့်ခွဲခြားသတ် မှတ်ရာမှာ TMN စနစ်ကို မသုံးဘဲ ဖြစ်ပွားနေတဲ့ ကင်ဆာရောဂါ တစ်မျိုးချင်းစီအလိုက်ပဲ အဆင့် ခွဲခြား သတ်မှတ်ပါတယ်။

သွေးကင်ဆာ (Blood cancers) – TMN စနစ်ကို leukemia ၊ lymphoma ဒါမှမဟုတ် multiple myeloma စတဲ့ သွေးကင်ဆာတွေမှာ မသုံးပါဘူး။ အဲဒီကင်ဆာတွေက အကျိတ်အဖု ဖြစ်တာမျိုး မဟုတ်လို့ပါ။ သွေးကင် ဆာ တစ်မျိုးချင်းစီမှာ အဆင့်ခွဲခြားနည်းတွေ သီးသန့်စီ ရှိပါတယ်။

ကင်ဆာအဆင့်နဲ့ ပတ်သက်ပြီး ဆရာဝန်ကို မေးသင့်တဲ့ မေးခွန်းတွေ

မိမိရဲ့ ကင်ဆာအဆင့်ကို ဆုံးဖြတ်နိုင်ဖို့ ဘယ်လို စမ်းသပ်စစ်ဆေးမှု အမျိုးအစားတွေ ဆောင်ရွက်ရ မလဲ။

မိမိရဲ့ ကင်ဆာဟာ ဘယ်အဆင့်ရောက်နေသလဲ။ အဲဒီအဆင့်ဟာ ဘယ်လို အခြေအနေမျိုးလဲ။

ကင်ဆာအဆင့်ကို ဘယ်လို ခွဲခြားတာလဲ။

ကင်ဆာရဲ့ Grade က ဘယ်လောက်လဲ။

အကျိတ်အဖုမှာ မျိုးဗီဇချွတ်ယွင်းချက် တစ်ခုခု ရှိနေသလား။

မိမိရဲ့ ကင်ဆာအဆင့်ကို သတ်မှတ်ရာမှာ၊ ဒါမှမဟုတ် ကင်ဆာကို ကုသရာမှာ Biomarker တွေကို အသုံးပြုပါသလား။ အသုံးပြုတယ်ဆိုရင် ဘယ် Biomarker ကို အသုံးပြုတာလဲ။ ရလဒ်က ဘာလဲ။ အဲဒီရလဒ်က ဘယ်လို အဓိပ္ပာယ်လဲ။

ကင်ဆာအဆင့်၊ Grade နဲ့ Biomarker တွေက မိမိရဲ့ ကင်ဆာကုထုံးနဲ့ ရှေ့အလားအလာအပေါ် ဘယ်လို အဓိပ္ပာယ်ဆောင်နေသလဲ။

[American Society of Clinical Oncology ၏ ကင်ဆာရောဂါအသိပညာပေး ဝဘ်ဆိုဒ်ဖြစ်သော Cancer.Net တွင် ဖော်ပြ ထားသည့် “Stages of Cancer” ဆောင်းပါးကို ဆောင်းပါးရှင် ခိုင်ကြည်သစ် က ဆီလျော်အောင် ဘာသာပြန် ဆို ထားခြင်း ဖြစ်ပါသည်။ ခိုင်ကြည်သစ် သည် တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ဦးဖြစ်ပြီး တစ်စုတည်းသောကျန်းမာရေး (One Health) အသိပညာပေးဆောင်းပါးများကို ရေးသားနေ သူ ဖြစ်ပါသည်။]

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”

Telegram>>…
https://t.me/positiveanglenews

PAN

SZ