သင်တန်းဆင်းများကို လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို ရင်းနှီးပံ့ပိုးကူညီပေးရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မူဝါဒချမှတ်

(ပြည်တွင်း) ဇူလိုင် ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် သင်တန်းများ ဖွင့်လှစ်ရာတွင် အမှန်တကယ် လုပ်ငန်းထူထောင်မည့်သူများကိုသာ စုစည်းပြီး သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးရန်နှင့် သင်တန်းဆင်းများကို လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို ရင်းနှီးပံ့ပိုး ကူညီပေးရမည်ဆိုသည့် မူဝါဒချမှတ်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စက်စ္စည်းများ သုံးစွဲခွင့်ပေးရာတွင် ၎င်းတို့ အမှန်တကယ်လိုအပ်သော၊ ဝယ်ယူလိုသော စက်ပစ္စည်းများကို ၎င်းတို့၏ ဆန္ဒသဘောထားနှင့်အညီ ဝယ်ယူသုံးစွဲခွင့်ပေးကြရန် အဓိကထား မှာကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

ထို့အပြင် စီမံကိန်းလုပ်ငန်း တာဝန်ခံများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှု ရှိ/မရှိ၊ မြေပြင်တွင် ဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံကိန်း စောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း (M&E) ကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ကျေးရွာ၏ စီမံကိန်းခေါင်း ဆောင်များဖြစ်ကြ၍ ပရဟိတစိတ် မွေးကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

#PAN