လက်လီဆန်ဆိုင်များအနေနဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးဖို့ တိုက်တွန်း


(ပြည်တွင်း) ဇူလိုင် ၉

လက်လီဆန်ဆိုင်တွေမှာ လက်လီရောင်းချမှုအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းများအတိုင်း ရောင်းချပေးဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဆန်ဈေးနှုန်းတွေဟာ ဆန်စက်တွေ၊ ပွဲရုံတွေနဲ့ ကုန်စည်ဒိုင်များ ပါဝင်တဲ့ လက်ကားဈေးကွက်မှာ သတ်မှတ်ရည်ညွှန်းဈေးတွေအတိုင်း ရောင်းချနေပြီဖြစ်ပေမယ့် လက်လီဆန်ဆိုင်တွေမှာ လက်လီရောင်းချမှုအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ရောင်းချပေးဖို့ လိုအပ်မှုတွေ ရှိနေသေးတယ်လို့ အသင်းချုပ်က ပြောပါတယ်။

ဒါ့ကြောင့် လက်လီဆန်ဆိုင်တွေအနေနဲ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွေနဲ့အညီ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်စွာနဲ့ ရောင်းချဖို့အသင်းချုပ်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွေထက်ပိုပြီး ရောင်းချမှုတွေကို ထိရောက်စွာ ဖော်ထုတ်အရေးယူမှုတွေ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများ ဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွေနဲ့ တရားစွဲဆိုမှုတွေ ရှိတာကြောင့် ဆန်ဈေးကွက် တည်ငြိမ်ကျဆင်းရေးအပေါ် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အသင်းချုပ်က ပြောဆိုထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

MTM #SZ