အမေရိကန်က အဆိုပြုထားသည့် ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးသဘောတူညီချက်ပါ တောင်းဆိုမှုများကို ဟားမတ်စ်အဖွဲ့လိုက်လျော

(နိုင်ငံတကာ) ဇူလိုင် ၇

အပစ်အခတ်ရပ်စဲရေး၏ ပထမအဆင့် စတင်ပြီးနောက် ၁၆ ရက်အကြာတွင် အစ္စရေး အမျိုးသား ဓားစာခံများနှင့် စစ်သည်များကို လွှတ်ပေးကာ ဆွေးနွေးပွဲများကို စတင်ရန် အမေရိကန် အစိုးရ၏အဆိုပြုချက်ကို ဟားမတ်စ်က လက်ခံခဲ့ကြောင်း ပါလက်စတိုင်းအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦး၏ ဖြေကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဟားမတ်စ် အုပ်စုသည် အဆိုပါသဘောတူညီချက်ကို လက်မှတ်မထိုးမီ လုံးဝအပစ်အခတ်ရပ်စဲရေးကို ပထမဆုံးကတိကဝတ်ပြုရန် အစ္စရေးနိုင်ငံအား တောင်းဆိုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကို ဖြေရှင်းရန် ရည်ရွယ်သည့် ပထမအဆင့် သဘောတူညီချက်ကို အကောင်အထည် ဖော်ပြီးနောက် ဓားစာခံပြဿနာကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ ရိုက်တာမှ ကိုးကား ဖော်ပြသည့် သတင်းရင်းမြစ်အရ ဟားမတ်စ်သည် သဘောတူညီချက်၏ ပထမခြောက်ပတ် အဆင့်အတွင်း ဆွေးနွေးပွဲများမှတစ်ဆင့် တင်းမာမှုများကို အဆုံးသတ်ရန် မျှော်လင့်ထားသည်။

အကယ်၍ အမေရိကန်၏ ၎င်းအဆိုပြုချက်ကို အစ္စရေးဖက်က လက်ခံပါက ပဋိပက္ခဖြစ်ပွားခြင်း ကိုးလအကြာတွင် ဂါဇာကမ်းမြောင်ဒေသ၌ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မည့် မူဘောင် သဘောတူညီချက်တစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ဟားမတ်စ်အရာရှိက အကြံပြုသည်။ နိုင်ငံတကာကြားဝင်စေ့စပ်ပေးသူများသည် ယာယီအပစ်အခတ်ရပ်စဲရေး၊ အကူအညီများပေးရေး နှင့် ပါလက်စတိုင်းမြေမှ အစ္စရေးတပ်များ ဆုတ်ခွာရေးကို နှိုးဆော်ပေးမည်ဖြစ်ကြောင်း အာမခံ ချက်များနှင့်အတူ သဘောတူညီချက်၏ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရန် သွယ်ဝိုက် သောနည်းဖြင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသမျှကာလပတ်လုံး အမေရိကန်၏ အဆိုပြုချက်ကို အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစီအစဉ်၏ ပထမအဆင့်တွင် ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး၊ ဂါဇာရှိမြို့များမှ အစ္စရေးတပ်များ ဆုတ်ခွာရေး၊ ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အစ္စရေးဓားစာခံများထဲမှ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများနှင့် အမျိုးသမီး များကို လွှတ်ပေးရေးတို့ကို တောင်းဆိုထားသည်။

ဒုတိယအဆင့်တွင် စစ်သားများနှင့် အမျိုးသားများ အပါအဝင် ကျန်ရှိသော ဓားစာခံများ အားလုံးကို လွှတ်ပေးရန်နှင့် သေဆုံးသွား သူများ၏ အလောင်းများလည်း ပါဝင်မည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့များ အပြည့်အဝ ဆုတ်ခွာရေး နှင့် တိုက်ပွဲများ အပြီးတိုင် အဆုံးသတ်ရေးလည်း ပါဝင်သည်။

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ကြောင့် ပျက်စီးသွားသော ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးသည် အဆင့်သုံးတွင် ပါဝင်လာမည်ဖြစ်သည်။ သို့သော် မီဒီယာများ၏ အဆိုအရ အဆင့်တစ်မှ အဆင့်နှစ်သို့ အကူးအပြောင်းတွင် သဘော ထားကွဲလွဲမှုများဖြစ်လာနိုင်ပြီး ယင်းမှာ စေ့စပ်ညှိနှိုင်းမှုများအတွက် အဓိကအတားအဆီးများ ဖြစ်လာနိုင်ကြောင်း သိရသည်။

ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့က ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အစ္စရေး၏ လုံခြုံရေးဝန်ကြီးအဖွဲ့သည် ကြာသပတေးနေ့ (ဇူလိုင်လ ၄ ရက်) တွင် ဒိုဟာသို့ ကိုယ်စားလှယ် အဖွဲ့စေလွှတ်ရန် အတည်ပြုခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုများကို လာမည့်သီတင်းပတ်တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ရုံးမှ သိရသည်။ ဆွေးနွေးပွဲများ ပြန်လည်စတင်မည့် ကြေငြာချက်မထုတ်ပြန်မီတွင် နေတန်ယာဟုသည် အစ္စရေးစေ့စပ်ညှိနှိုင်းရေး မှူးများနှင့် တွေ့ဆုံခဲ့ပြီး “၎င်း၏ရည်မှန်းချက်အားလုံးကို အောင်မြင်ပြီးမှသာ စစ်ပွဲကို ရပ်တန့်မည်” ဟု ပြောကြားခဲ့သည်။ အစောပိုင်းကာလများတွင် ၀န်ကြီးချုပ် ထုတ်ဖော်ပြောဆိုခဲ့သည့် အဓိက ပန်းတိုင်များထဲမှတစ်ခုမှာ ဟားမတ်စ်အဖွဲ့အား လုံးလုံးလျားလျား ဖယ်ရှားရေးဖြစ်သည်။

တင်ဇာ

#PAN