—————(ဆောင်းပါး)————————————တင်ဇာ———————
နိုင်ငံတကာအဖွဲ့အစည်းများနှင့် အင်အားကြီးနိုင်ငံများသည် ၎င်းတို့ မလိုလားသော အစိုးရများနှင့် နိုင်ငံများကို အရေးယူဖို့အတွက် စီးပွားရေးပိတ်ဆို့မှုများကို မကြာခဏ အသုံးပြုလာကြသော်လည်း ထိုကဲ့သို့ပိတ်ဆို့မှုများက ထိရောက်မှု ရှိမရှိ မေးခွန်းထုတ်စရာများ လည်းရှိနေသည်။
အထူသဖြင့် အမေရိကန်သည် ယခင်ကထက် ပိုမိုများပြားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို အသုံးပြုလျက်ရှိနေသည်။
ပိတ်ဆို့အရေးယူမှုများသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် အမေရိကန်ကျင့်သုံးလေ့ရှိသော လက်နက်ကိရိယာတစ်ခုဖြစ်လာ ခဲ့သည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ၏ အရင်းအမြစ်များကို ကန့်သတ်ရန်နှင့် ၎င်းတို့၏ ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို အသုံးပြုတတ် ကြပါသည်။
သို့သော် ပိတ်ဆို့အရေးယူမှုများသည် တစ်ခါတစ်ရံတွင် ပဋိပက္ခဖြေရှင်းရေး ကြိုးပမ်းမှုများကိုပင် အဟန့်အတားဖြစ်လာစေပါသည်။ ၎င်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့် ပဋိပက္ခလွန်ပြန်လည်ထူထောင်ရေးကို တားဆီးနိုင်သလို ညှိနှိုင်းဆွေးနွေးမှုများကို အကောင်အထည်မဖော်နိုင်ဘဲ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများကြား သဘောထားကွဲလွဲမှုများ ကိုလည်း ပိုမိုတိုးပွားလာစေပါသည်။
အဆိုပါ အားနည်းချက်များကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအပေါ် ယုံကြည်မှုနည်းလာပြီး ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန်အတွက် စည်းမျဉ်းများ ကင်းမဲ့နေခြင်းကလည်း ချွတ်ယွင်းချက်တစ်ခုလို ဖြစ်လာပါသည်။
မကြာသေးမီနှစ်များအတွင်းက အမေရိကန်သည် ပိတ်ဆို့မှုကျင့်စဉ်များအား ပြုပြင်ပြောင်းလဲရန် စတင်လာခဲ့သော်လည်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများအပေါ် ပိတ်ဆို့အရေး ယူမှုများ၏ ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းချက်များရှိနေဆဲဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံအနေဖြင့်လည်း အတိတ်သမိုင်းတွင်ဖြစ်စေ၊ လတ်တလောကာလတွင် ဖြစ်စေ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများစွာနှင့် ရင်ဆိုင်နေရပါသည်။
မြန်မာနိုင်ငံအပေါ် လက်ရှိ ပိတ်ဆို့အရေးယူမှုများသည် ၂၀၁၀ ပြည့်နှစ်မတိုင်မီက ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှု များနှင့် တူညီသည်။ ၂၀၂၁ ခုနှစ်ကစ၍ အမေရိကန်၊ အီးယူနှင့် အခြားသောအနောက်နိုင်ငံများမှ ကဏ္ဍအလိုက် ပိတ်ဆို့အရေးယူမှုများ အပါအဝင် တစ်ဦးတစ်ယောက်ချင်းစီအပေါ် ပစ်မှတ်ထား အရေးယူခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အာဏာရအစိုးရကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်ထားသော်လည်း မြန်မာအစိုးရအား ပြိုလဲအောင် မစွမ်းဆောင်နိုင်ပါ။
အကြောင်းမှာ ဒေသတွင်းနိုင်ငံများနှင့်အချို့နိုင်ငံများအပေါ် အနောက်အုပ်စု၏ ဩဇာကျဆင်းလာသည့်အတွက် မြန်မာအား အထီးကျန်နိုင်ငံအဖြစ် အားကိုးရာမဲ့ဖြစ်စေရန် လှုံ့ဆော်၍ မရတော့ပေ။
အမေရိကန်ဘဏ္ဍာရေးဌာနသည် မြန်မာနိုင်ငံအား ဂျက်လေယာဉ်များ အသုံးပြုမရအောင် လောင်စာဆီများ ပိတ်ဆို့ခြင်းကိုဆောင်ရွက်ခဲ့သော်လည်း မြန်မာအစိုးရ လိုအပ်သော လောင်စာဆီ ၉၅ ရာခိုင်နှုန်းကျော်ကို ဒေသတွင်းကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ စင်္ကာပူနှင့် ရုရှားတို့က ထောက်ပံ့နေခြင်းကြောင့် အမေရိကန်၏ ပိတ်ဆို့မှုများသည် အရာမထင်ဖြစ်ခဲ့ရသည်။
ထို့ကြောင့် အနောက်အုပ်စုက ဒေသတွင်းရှိ နိုင်ငံများအပါအဝင် အာဆီယံအား မြန်မာအပေါ် ပိတ်ဆို့အရေးယူခြင်းလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်စေချင်နေကြသည်။ သို့သော် ဤနေရာတွင် အနောက်အုပ်စုနှင့် ဒေသတွင်းနိုင်ငံများအကြား အမြင်က လုံးဝကွဲလွဲသွားသည်။
ဒေသတွင်း နိုင်ငံ အများစုကမူ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် စီးပွားရေးအရရော၊ နိုင်ငံရေးအရရော တည်ငြိမ် မှုမရှိနေသည့် အနေအထားကို ထိန်းသိမ်းပေးလိုသည်။ ထို့ကြောင့် ၎င်းတို့က စီးပွားရေးအရ ပိတ်ဆို့မှုများပြုလုပ်ဖို့ ဆန္ဒမရှိကြပေ။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုက ဒေသတွင်းရှိ အခြားနိုင်ငံများအပေါ်ပါ ရိုက်ခတ်နိုင်ကြောင်း ၎င်းတို့က ရှုမြင်ကြသည်။
ထို့ကြောင့်လည်း ပဋိပက္ခ များ၊ အခြေအနေများ ယခုထက်ပိုဆိုးမသွားစေအောင် အပြုသဘောဆောင်သော လမ်းကြောင်းကို သာရွေးချယ်ကျင့်သုံးလာကြပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် အနောက်အုပ်စု အထူးသဖြင့် အမေရိကန်က ကျင့်သုံးနေသော အရေးပိတ်ဆို့မှုများသည် ပဋိပက္ခများကို ပိုမိုဆိုးရွားလာစေပြီး ငြိမ်းချမ်းရေးကို သွေဖည်အောင်ဖန်တီးနေကြောင်းကို ဤဆောင်းပါးတွင် သုံးသပ်ဖော်ပြလိုက် ပါသည်။
ပိတ်ဆို့အရေးယူမှုများသည် အမေရိကန်အစိုးရအတွက် မည်သည့်ကြိုးပမ်းအားထုတ်မှုမှ မလိုဘဲ လွယ်လင့်တကူ ပြုမူ၍ရသည်ဆိုသော်လည်း ၎င်း၏ အကျိုးဆက်များက အများအားဖြင့် အကောင်းဖက်သို့ ဦးတည်လေ့မရှိသည်ကို တွေ့မြင်နေရသည်။ အချို့သော အားနည်းချက် များသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင်ပါ အဟန့်အတားဖြစ်စေကြောင်း ထင်ရှား နေသည်။
Crisis Group က ဒဏ်ခတ်အရေးယူခံနေရသော ပဋိပက္ခနယ်မြေများတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အမေရိကန်နှင့် နိုင်ငံခြားသံတမန်များ၊ အရာရှိများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အင်တာဗျူးခဲ့ရာ ၎င်းတို့က ပိတ်ဆို့အရေးယူမှုများသည် တစ်ခါတစ်ရံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေကြောင်း ဖော်ပြလာခဲ့ကြ သည်။
အရေးယူပိတ်ဆို့မှုများသည် များသောအားဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိဖို့အတွက် အဟန့်အတားများဖြစ်စေပါသည်။ အကြောင်းမှာ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပဋိပက္ခဖြစ် နေသော နိုင်ငံများတွင် စီးပွားရေးအကျပ်အတည်းများကိုပါ ထပ်တိုးခံစားလာရစေသည်။
ထို့ကြောင့် ငတ်မွတ်ခေါင်းပါးမှု၊ စီးပွားရေးပျက်ကပ်ဆိုက်မှုများက ပြည်သူများအား စိတ်မကျေနပ် စရာ၊ အစိုးရအပေါ် ပြစ်တင်မှု၊ အမုန်းပွားမှုများကိုသာ ပိုတိုးလာစေပါသည်။ ထို့ကြောင့် အစိုးရ အနေဖြင့် နိုင်ငံတကာ၏ ဖိအားများ၊ ပြည်တွင်းမှ မကျေနပ်ချက်များကို ဖြေရှင်းဖို့ကြိုးပမ်းရသလို ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများအတွက်လည်း ခေါင်းခဲရစေသည်။
ထိုသို့ အစိုးရများအပေါ် နိုင်ငံတကာပိတ်ဆို့မှုများက အကြပ်ရိုက်စေသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်နှေးလာစေပြီး ပဋိပက္ခကို အဆိုးဘက်သို့သာ ပိုမိုဦးတည်လာစေသည်။ ထို့ပြင် အရေးယူပိတ်ဆို့ခံထားရသော နိုင်ငံများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်ဖို့ ခက်ခဲလာစေသည်။
ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ဘဏ္ဍာရေးစနစ်များ မတည်ငြိမ်သော၊ စီးပွားရေးလုပ်ငန်းများ မတွင်ကျယ်သော ဒဏ်ခတ်ခံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံဖို့ မစွန့်စားရဲ ကြပေ။
ထို့ကြောင့် ၎င်းနိုင်ငံများသည် နိုင်ငံခြားငွေရရှိမှုနည်းပါးလာပြီး ပြည်တွင်းထွက်ကုန်များကို နိုင်ငံခြားသို့ တင်ပို့ဖို့ကလည်း ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး အခက်အခဲများကြောင့် ထင်သလောက်မလွယ်ကူတော့ပေ။
ဤသည်မှာ အရေးယူပိတ်ဆို့ခြင်း များ၏ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုပင်ဖြစ်သည်။
ထို့ပြင် အရေးယူပိတ်ဆို့မှုများသည် ပဋိပက္ခများအတွင်း ကြားဝင်ဖြန်ဖြေပေးတတ်သည့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများအတွက်လည်း အဟန့်အတားဖြစ်စေပါသည်။ ငြိမ်းချမ်းရေးဖော် ဆောင်မှုအဖွဲ့အစည်းများက လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ညှိနှိုင်းပေးဖို့ ကြိုးပမ်းရာတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်လာတတ်ပါသည်။
အကြောင်းမှာ လက်နက်ကိုင်အုပ်စုများကို အများအားဖြင့် ထိုအရေးယူပိတ်ဆို့မှုများကို ချမှတ်တတ်သည့် အနောက်အုပ်စုက လက်နက်နှင့် ငွေကြေးများထောက်ပံ့ထားခြင်းကြောင့်ဖြစ်သည်။
လက်နက်ကိုင်များအနေဖြင့် အထောက်အပံ့ များရနေသ၍ ပဋိပက္ခကို ဆွဲဆန့်ဖို့လောက်သာ စဉ်းစားတတ်ကြသည်။ နိုင်ငံ၏ ပြိုလဲလုအခြေ အနေများကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ ကိုယ်ကျိုးစီးပွားနှင့် အာဏာအတွက်သာ ကြည့်နေကြ သောကြောင့် လက်နက်ကိုင်များကို ငြိမ်းချမ်းရေးစကားဝိုင်းကို ဖိတ်ခေါ်နိုင်ဖို့က အတော်ကို ခက်ခဲလာစေသည်။
ထို့ပြင် အရေးယူပိတ်ဆို့မှုများက နိုင်ငံများကို အကွဲကွဲအပြားပြားဖြစ်လာစေတတ်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် အမေရိကန်၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများက အထီးကျန်အစိုးရဖြစ်အောင် ဖန်တီးခဲ့သည်။
မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ အကူအညီ များထက် ကိုယ့်ဘာသာလောက်ငှအောင်ကြိုးပမ်းလာသည်။ အထီးကျန်နိုင်ငံအဖြစ်လည်း ရပ်တည်နိုင်ကြောင်း အကောင်းဆုံးဥပမာပြပေးခဲ့သည်။
ထို့ပြင် ၎င်းအရေးယူပိတ်ဆို့မှုများကြောင့် ထာဝရရန်သူဆက်ဆံရေးကို ဦးတည်သွားစေသည်။ ထို့ကြောင့် အရေးယူပိတ်ဆို့မှုများသည် ပဋိပက္ခဖြစ်ပွားနေသော ပိတ်ဆို့ခံနိုင်ငံများကို နိုင်ငံတကာစနစ်များမှ ထွက်ခွာသွားစေတတ်ပြီး နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ကို ပိုမိုကျဉ်းမြောင်းလာစေပါသည်။
ထိုကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်များကို ကျောခိုင်းလာကြသည်နှင့်အမျှ ပဋိပက္ခများကို ပိုမိုတိုးပွားလာစေဖို့ သာရှိပါတော့သည်။ ဥပမာပြရလျှင် အနောက်အုပ်စု၏ မတရားသဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အီရန်သည် နျူကလီးယားသဘောတူစာချုပ်မှ နှုတ်ထွက်ခဲ့သည်။
၎င်းနည်းတူ မြောက်ကိုရီးယားကလည်း နျူကလီးယားလက်နက်များကို စမ်းသပ်ခြင်းများ မကြာခဏပြုလုပ်လာသည်။ ဤသည်မှာ အရေးယူပိတ်ဆို့ခြင်းက ဖန်တီးပေးသည့် နိုင်ငံတကာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့်အခြေအနေများပင်ဖြစ်သည်။
ထို့ကြောင့် အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတကာ၏ အမျိုးမျိုးသော အရေးယူပိတ်ဆို့မှုများ သည် တစ်ဖက်သတ်ဆန်လွန်းပြီး ပဋိပက္ခကို အကြပ်ကိုင်ဖြေရှင်းဖို့ ကြိုးပမ်းရုံသက်သက်သာ ဖြစ်နေသည်။
၎င်းတို့၏ အရေးယူပိတ်ဆို့မှုများက တစ်ဦးတစ်ယောက်သို့မဟုတ် အဖွဲ့အစည်း တစ်ခု၊ အစိုးရတစ်ခုကိုသာ ရည်ရွယ်သည်ဆိုသော်လည်း ၎င်း၏ အကျိုးဆက်များက တစ်နိုင်ငံလုံး ကိုသာမက ပတ်ဝန်းကျင်နိုင်ငံများအပေါ်ပါ ရိုက်ခတ်စေပါသည်။
၂၁ ရာစုနှောင်းပိုင်းကာလ များတွင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ရေးလှုပ်ရှားမှုများက များပြားလာသလို ၎င်းပိတ်ဆို့မှုများကို မနှစ်မြို့ကြောင်း၊ ၎င်းဒဏ်ခတ်မှုများက လက်တွေ့တွင် အမှန်တကယ် အလုပ် မဖြစ်ကြောင်း ဝေဖန်မှုများလည်းမြင့်တက်လာပါသည်။
ထို့ကြောင့် နိုင်ငံတကာအနေဖြင့် ပဋိပက္ခများချုပ်ငြိမ်းစေဖို့ အရေးယူပိတ်ဆို့ခြင်းနည်းလမ်းသုံး၍ အဖြေရှာခြင်းက မှန်ကန်သော လုပ်ရပ်ဖြစ်သလားဆိုသည်ကို ပြန်လည်သုံးသပ်ဖို့လိုလာပြီဖြစ်ပါကြောင်း ရေးသားလိုက် ရပါသည်။
တင်ဇာ
#PAN