ကင်ဆာဖြစ်နိုင်ချေ အန္တရာယ် (Cancer Risk)


(ကျန်းမာရေး) ဇူလိုင် ၆

Word Risk Factors written on chalkboard with stethoscope and heart shape symbol on wooden background. Medical concept.

ဖြစ်နိုင်ချေရှိသောအန္တရာယ် (Risk) ဆိုတာ ဖြစ်စဉ်ဖြစ်ရပ် တစ်ခု ဖြစ်လာဖို့ အခွင့်အရေး ရှိနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကင်ဆာရောဂါအကြောင်း ပြောကြတဲ့အခါ “risk” ဆိုတဲ့ စကားကို မကြာခဏ ကြားရလေ့ရှိမှာပါ။ လူတစ်ယောက်ဟာ ကင်ဆာရောဂါ ဖြစ်ပွားခံစားရဖို့ အခြေအနေ ဘယ်လောက်ရှိသလဲ ဆိုတာကို ဖော်ညွှန်းဖို့ သုံးနှုန်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကြောင့် မသေဘဲ ရှင်သန်ကျန်ရစ်သူတွေအတွက်လည်း နောက်တစ်ကြိမ် ရောဂါ ထပ်မံဖြစ်ပွားဖို့ အခြေအနေ ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြရာမှာ risk ဆိုတာကို သုံးနှုန်း ဖော်ပြလေ့ ရှိပါတယ်။

သုတေသီတွေနဲ့ ဆရာဝန်တွေဟာ လူသားတွေရဲ့ ကျန်းမာရေးကိုမြှင့်တင်နိုင်ဖို့အတွက် ကြိုးပမ်းကြရာမှာ လူတွေ ရဲ့ ကင်ဆာဖြစ်နိုင်ချေအန္တရာယ် (cancer risk) တွေကို ရှာဖွေဖော်ထုတ်ပြီး လျှော့ချပေးခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာရောဂါကို ဖြစ်ပေါ်လာနိုင်ချေ အန္တရာယ်ရှိတယ် ဆိုတာမျိုးပါ။

သိပ္ပံပညာရှင်တွေက ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ အန္တရာယ် မြင့်မားလာကြောင်း သုတေသနပြု လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။ သူတို့က အဲဒီ အချက်အလက်၊ အသိပညာကို အသုံးချပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ဆေးလိပ်ဆန့် ကျင်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ပြီး လူပေါင်းများစွာကို အဆုတ်ကင်ဆာရဲ့ ဘေးကနေ ကယ်တင်နေကြပါတယ်။

အန္တရာယ်ရှိတဲ့ အချက်တွေ (Risk factors)

လူတစ်ယောက် ကင်ဆာရောဂါ ဖြစ်ပေါ်ခံစားရဖို့ အခွင့်အရေး တိုးလာစေသမျှ ကိစ္စရပ်အားလုံးကို “ကင်ဆာအန္တ ရာယ်ရှိတဲ့ အချက်တွေ (risk factors) လို့ သတ်မှတ်ပါတယ်။ Risk factors အားလုံးက တိုက်ရိုက်ကြီး ကင်ဆာရောဂါ ဖြစ်ပွား စေတယ်ရယ်လို့တော့ ပြောလို့ မရပါဘူး။ တချို့လူတွေမှာ risk factors တွေ အများကြီးရှိပါလျက် ကင်ဆာ လုံးဝ မဖြစ်တာ လည်း ရှိပါတယ်။ တချို့ကျပြန်တော့လည်း risk factor ဘာတစ်ခုမျှ မရှိပါဘဲ၊ ကင်ဆာရောဂါ ခံစားရရှာတာကို တွေ့ရတတ် ပြန်ပါတယ်။

မိမိတို့အနေနဲ့ မိမိတို့နဲ့ ထိတွေ့နေတဲ့ risk factor တွေကို သိရှိပြီး သက်ဆိုင်ရာ ဆရာဝန်၊ ပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးဖို့ သိပ်ကို အရေးကြီးပါတယ်။ အဲဒီလို ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် မိမိရဲ့ ကျန်းမာရေးကို ပိုမို‌ကောင်းမွန်စေတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ဆွေးနွေးတိုင်ပင်မှုကနေ ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး မျိုးဗီဇစစ်ဆေးမှု (genetic testing) တွေ၊ နှစ်သိမ့်ဆွေးနွေး အကြံပေးမှု (counseling) တွေ လိုအပ်မှု ရှိ၊ မရှိ ဆရာ ဝန်တွေက ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ယေဘုယျအားအဖြင့် ကင်ဆာရောဂါဖြစ်ပွားဖို့ အန္တရာယ်ရှိတဲ့ အချက်တွေကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပဲ ဖြစ်ပါတယ် –

အသက်အရွယ်ကြီးရင့်ခြင်း
မိသားစုဝင်တွေထဲမှာ ကင်ဆာရောဂါခံစားရဖူးတဲ့ ရာဇဝင်ရှိခြင်း
ဆေးလိပ်အမျိုးမျိုးနဲ့ ဆေးရွက်ကြီး သောက်သုံးခြင်း
အဝလွန်ခြင်း
အရက်သေစာ သောက်စားခြင်း
ဗိုင်းရပ်စ်ရောဂါအချို့ (ဥပမာ human papilloma virus – HPV)
အချို့သော ဓာတုပစ္စည်းများ 
ဓာတ်ရောင်ခြည်သင့်ခြင်း (နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် (Ultra violet – UV) လည်း အပါအဝင် ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ မိမိတို့ရဲ့ နေ့စဉ်ဘဝ အပြုအမူအချို့ကို ရပ်တန့်လိုက်ရုံမျှနဲ့ ကင်ဆာအန္တရာယ်ဖြစ်စေတဲ့ အချို့ risk factor တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေထဲမှာ ဆေးလိပ်နဲ့ အရက် သောက်သုံးခြင်း၊ ကိုယ်အလေးချိန် မြင့်မားခြင်း၊ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှု များလွန်းခြင်း စတာတွေ ပါဝင်ပါတယ်။ တချို့ risk factors တွေကတော့ လုံးဝရှောင်လွှဲလို့ မရပြန်ပါဘူး။ ဥပမာ အသက်အရွယ်ကြီးရင့်လာလေ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ ပိုများလေဖြစ်ပြီး အသက်အရွယ် ကြီးရင့်လာခြင်း ဆိုတဲ့ risk factor ကို ရှောင်ရှားဖို့ မဖြစ်နိုင်ပါဘူး။

ကင်ဆာရောဂါအမျိုးအစား တစ်ခုချင်းစီအလိုက်လည်း သီးခြား risk factors တွေ ရှိနေပါသေးတယ်။

ကင်ဆာရောဂါ ရှာဖွေစစ်ဆေးခြင်း (Cancer screening) 

မိမိမှာ ကင်ဆာရောဂါအန္တရာယ်ရှိတဲ့ အချက်အနေနဲ့ ဘာတွေရှိတယ်၊ ဘယ်လောက်ရှိတယ်ဆိုတာကို သိရှိနား လည်ခြင်းအားဖြင့် ဆရာဝန်အနေနဲ့လည်း ဘာတွေ လုပ်ပေးသင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန်တွေ အနေနဲ့ – ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးတဲ့ mammogram ၊ အူမကြီးကင်ဆာ ရှိ၊ မရှိ စစ်ဆေးပေးတဲ့ colono-scopy တို့လိုမျိုး ကင်ဆာရောဂါ ရှာဖွေစစ်ဆေးတဲ့ လုပ်ငန်း (cancer screening test) တွေ ဆောင်ရွက် ပေးနိုင်ပါတယ်။

ကင်ဆာအန္တရာယ်ကို လျော့ချပေးနိုင်မယ့် ဆေးဝါးတွေနဲ့ ကုသပေးနိုင်သလို၊ ခွဲစိတ်ကုသမှုတွေလည်း ဆောင်ရွက်ပေးနိုင်ပါတယ်။

ဥပမာအားဖြင့် မိမိရဲ့ မိခင်မှာ ရင်သားကင်ဆာ ဖြစ်ပွားဖူးတဲ့ အမျိုးသမီးတစ်ယောက်ဟာ မိသားစုထဲမှာ ကင်ဆာ ရာဇဝင်မရှိတဲ့ တခြားအမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၂ ဆ ပိုများပါတယ်။ အချို့သော အမျိုးသမီး တွေမှာ မိသားစုအတွင်း ကင်ဆာဖြစ်ပွားဖူးတဲ့ ရာဇဝင် သိပ်ကို ခိုင်မာလွန်းနေတာမျိုး၊ ဒါမှမဟုတ် မျိုးဗီဇအရ ရင်သားကင်ဆာဖြစ်စေတဲ့ မျိုးဗီဇထွန်းခြင်း (genetic mutations) တွေနဲ့ ချိတ်ဆက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီလို အနေအထားမှာ ရှိနေတဲ့ အမျိုးသမီးတွေအတွက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေအန္တရာယ် (risk) က သိပ်ကို မြင့်မားနေပါတယ်။ အဲဒီ အမျိုးသမီးကို ရင်သားကင်ဆာ ဖြစ်ပွားခံစားရခြင်းကနေ ကာကွယ်နိုင်ဖို့ ရင်သားကို ကြိုတင်ခွဲစိတ် ဖယ်ရှားထားနိုင်ပါတယ်။ အဲဒီလို ခွဲစိတ် ဖယ်ရှားထားခြင်းအားဖြင့် ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှုကို အနည်းဆုံး ၉၅ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။

ကင်ဆာမျိုးရိုး ဒါမှမဟုတ် မိသားစုထဲမှာ ကင်ဆာရောဂါရာဇဝင် အခိုင်အမာ ရှိသူတွေအနေနဲ့ နောက်ထပ်စဉ်းစား နိုင်တာ တစ်ခုကတော့ မျိုးဗီဇ စစ်ဆေးမှု (genetic testing) ဖြစ်ပါတယ်။ ကျွမ်းကျင်ဆရာဝန် ဒါမှမဟုတ် မျိုးဗီဇဆိုင်ရာ ပညာရှင်နဲ့ တိုင်ပင်ပြီး သင့်လျော်တဲ့ genetic testing ကို ဆောင်ရွက်နိုင်ပါတယ်။ အဲဒီ ဆရာဝန်နဲ့ ပညာရှင်တွေက မိမိရဲ့ မျိုး ဗီဇအရ ကင်ဆာဖြစ်နိုင်ချေအန္တရာယ် ဘာတွေ ဘယ်လိုရှိနေတယ်ဆိုတာကို ရှင်းပြနိုင်မှာ ဖြစ်ပါတယ်။

Absolute risk နှင့် Relative risk 

လူတစ်ယောက်ဟာ အခြားသူတွေအားလုံးနဲ့ ဒါမှမဟုတ် လူအုပ်စုတစ်စုထဲက အခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကင်ဆာရောဂါ အန္တရာယ် ဘယ်လောက် ပိုများသလဲ၊ ဒါမှမဟုတ် ဘယ်လောက် ပိုနည်းသလဲ ဆိုတာကို တွက်ဆနိုင်ဖို့အတွက် ဆရာဝန်တွေဟာ absolute risk နဲ့ relative risk ‌တွေကို အသုံးပြုပြီး တွက်စစ်ကြပါတယ်။

Absolute risk ဆိုတာကတော့ လူတစ်ယောက်ဟာ အချိန်အတိုင်းအတာတစ်ခုအတွင်း ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်တဲ့ အခွင့်အရေး (အန္တရာယ်ရှိမှု) ကို ဆိုလိုတာ ဖြစ်ပါတယ်။ Absolute risk က လူတွေအား လုံးဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ ဘယ်လောက်ရှိတယ်ဆိုတာကို ညွှန်ပြပါတယ်။ ဥပမာအားဖြင့် – “အမျိုးသမီး ၈ ယောက်တွင် ၁ ယောက်နှုန်း (၁၂.၅%) ဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ ရင်သား ကင်ဆာ ဖြစ်နိုင်ချေရှိတယ်” လို့ ဖော်ပြထားတယ် ဆိုပါစို့။ ဒါဟာ ကမ္ဘာ့အမျိုးသမီးထုကြီး တစ်ရပ်လုံးမှာ ရှိနေတဲ့ Absolute risk ပဲ ဖြစ်ပါတယ်။ ဒါက လူမျိုး၊ အသက်အရွယ် စသည်ဖြင့် တစ်ခုခုကို အခြေခံပြီး အုပ်စုဖွဲ့ထားတဲ့ အမျိုးသမီးအုပ်စုတစ်စု အတွက် သီးသန့် ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဥပမာ အသက် အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေဟာ အသက်ငယ်တဲ့အမျိုးသမီးတွေထက် ပိုပြီး ရင်သားကင်ဆာ ဖြစ်နိုင် ချေ ပိုများတယ် ဆိုတာမျိုးကို Absolute risk က မဖော်ပြနိုင်ပါဘူး။

Relative risk ဆိုတာကတော့ လူအုပ်စု နှစ်စုကို နှိုင်းယှဉ်ဖော်ပြတာ ဖြစ်ပါတယ်။ Risk factor တစ်ခုခု ရှိ တဲ့ အုပ်စုနဲ့ မရှိတဲ့ အုပ်စု တို့ကို နှိုင်းယှဉ်ပြီး ကင်ဆာအန္တရာယ် ဘယ်လောက်ကွာခြားတယ်ဆိုတာကို ဖော် ပြတာ ဖြစ်ပါတယ်။ ဥပမာ – အမျိုးသမီး အယောက် ၁၀၀ စီ ပါဝင်တဲ့ အုပ်စု နှစ်စုမှာ ရင်သားကင်ဆာ ဖြစ် ပွားနိုင်ချေ အန္တရာယ်ကို လေ့လာတယ် ဆိုပါစို့။ အုပ်စုတစ်စုက ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့ risk factor တွေ ရှိနေပြီး၊ အခြား အုပ်စုတစ်စုကတော့ အဲဒီ risk factor တွေ မရှိပါဘူး။ သုတေသီတွေက အုပ်စု တစ်စုချင်းစီက အမျိုးသမီးတွေထဲက ဘယ်နှစ်ယောက်စီဟာ သတ်မှတ်ထားတဲ့အချိန်ကာလ အတွင်းမှာ ရင်သားကင်ဆာ ဖြစ်ပွားလာသလဲ ဆိုတာကို စောင့်ကြည့်မှတ်တမ်းတင်ပါတယ်။ ဆိုကြပါစို့၊ risk factor ရှိတဲ့ အုပ်စုထဲက အမျိုးသမီး ၂ ယောက်က သတ်မှတ်အချိန်အတွင်း ရင်သားကင်ဆာ ဖြစ်လာပြီး၊ risk factor မရှိတဲ့ အုပ်စုထဲက အမျိုးသမီး ၁ ယောက်ပဲ ရင်သားကင်ဆာ ဖြစ်လာတယ် ဆိုပါစို့။ risk factor ရှိတဲ့ အုပ်စုဟာ မရှိတဲ့ အုပ်စုနဲ့ နှိုင်းယှဉ်ရင် ကင်ဆာရောဂါ ဖြစ်ပွားမှု ၂ ဆ ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါဆိုရင် အဲဒီ risk factor ဟာ “relative risk ၁၀၀% မြင့်မားစေတယ်” လို့ ကောက်ချက် ချနိုင်ပါတယ်။ ဒါပေမယ့် လူ ၁၀၀ မှာ ၂ ယောက်ထဲ ဖြစ်တဲ့အတွက် absolute risk အနေနဲ့ ပြောရင်တော့ ၂% လို့ပဲ ပြော ရမှာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ ကင်ဆာရောဂါရှာဖွေစစ်ဆေးဖို့ပဲ ဖြစ်ဖြစ်၊ ဘဝနေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲရာမှာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ပဲ ဖြစ်ဖြစ် ကိုယ့်မှာ ကင်ဆာအန္တရာယ် ဘယ်လောက်ရှိနေသလဲ ဆိုတာကို တိုင်းတာဖို့ (risk measurements) လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ absolute risk နဲ့ relative risk တွေရဲ့ သဘောသဘာဝကို ကြိုတင် သိရှိထားဖို့ လို အပ်ပါတယ်။ ဥပမာ အထက်မှာ relative risk အတွက် တင်ပြခဲ့တဲ့ ဥပမာကို ပြန်ကြည့်ရအောင်ပါ။ အဲဒီ ဥပမာထဲမှာ relative risk က ၁၀၀% မို့ သိပ်ကို မြင့်မားလွန်းတာ သိသာပါတယ်။ ဒါပေမယ့် အဲဒီ ဥပမာမှာပဲ absolute risk ကို ပြန်ကြည့်ရင် “လူ ၁၀၀ မှာ ၁ ယောက်” နဲ့ “လူ ၁၀၀ မှာ ၂ ယောက်” ဆိုတာပဲ ကွာခြားတာ တွေ့ရမှာပါ။ သတင်းတွေမှာ၊ အစီရင်ခံစာတွေမှာ ကြားရတဲ့ ကင်ဆာအန္တရာယ် ဖော်ပြတဲ့ ရာခိုင်နှုန်းတွေကို မြင်ရ၊ ကြားရရင် “absolute risk” က ဘယ်လောက်ရာခိုင်နှုန်းလဲ ဆိုတာ ကို ရှာဖွေ‌လေ့လာကြည့်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းတွေက ကိုးကားလေ့ရှိတဲ့ သုတေသနလေ့လာ မှု အစီရင်ခံစာတွေဟာ များသောအားဖြင့် “relative risk” တွေကို ဖော်ပြကြတာ ဖြစ်လို့ပါ။ ဒါကြောင့် ကင်ဆာရောဂါ ဖြစ်နိုင် ချေရှိတဲ့ ရာခိုင်နှုန်းတွေက ကြားရတာ သိပ်ကို မြင့်မားနေသလို ခံစားရစေပါတယ်။

ဆရာဝန်ထံ မေးမြန်းတိုင်ပင်စရာ မေးခွန်းများ

စာရင်းပညာနဲ့ ဖော်ပြတဲ့ အချက်အလက်တွေဟာ နားလည်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရရှိတဲ့အခါ မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်၊ ကျန်းမာရေး ပညာရှင် တွေနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းသင့်ပါတယ်။ ဆရာဝန်တွေနဲ့ ဆွေးနွေးမေးမြန်းကြည့်သင့်တဲ့ မေးခွန်းအချို့ကို တင်ပြပါရစေ။

မိမိမှာ ဘယ်လို risk factor တွေ ရှိနေသလဲ။ အဲဒီ risk factor တွေက မိမိမှာ ကင်ဆာရောဂါ ဖြစ်ပွားလာဖို့ ဘယ်လို အကျိုးသက်ရောက်စေသလဲ။

လာမယ့် ၅ နှစ်အတွင်း မိမိမှာ ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်ချေ ဘယ်လောက် ရှိသလဲ။ မိမိရဲ့ သက်တမ်း အတွင်းမှာရော၊ ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်ချေ ဘယ်လောက်ရှိသလဲ။

ကင်ဆာအန္တရာယ်ကို လျှော့ချဖို့ ဘာတွေ လုပ်နိုင်မလဲ?

တကယ်လို့ မိမိရဲ့ နေ့စဉ်ဘဝမှာ ကင်ဆာအန္တရာယ်ကို လျော့ချနိုင်မယ့် အမူအကျင့်တွေ (ဥပမာ ဆေးလိပ် ဖြတ်တာ၊ ကိုယ်အလေးချိန် လျော့ချတာ စသည်ဖြင့်) ဆောင်ရွက်မယ်ဆိုရင်ရော ဘာတွေ ဖြစ်နိုင်မလဲ။ အဲဒါတွေ ဆောင်ရွက်ရင် လာမယ့် ၅ နှစ်အတွင်း မိမိမှာ ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်ချေ ဘယ်လောက် ရှိသလဲ။ ကျန်တဲ့ သက်တမ်းအတွင်းမှာရော၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ ဘယ်လောက် ရှိသလဲ။

တစ်နေရာရာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တွေအရ မိမိမှာ risk factor နောက်ထပ် တစ်ခု တိုးနေတာကို တွေ့ရတယ် (ဆိုရင်)၊ “မိမိမှာ ကင်ဆာအန္တရာယ် ဘယ်လောက် တိုးလာတာလဲ”။

ကင်ဆာရောဂါ ရှာဖွေစစ်ဆေးဖို့ ဘယ် screening test ကို အသုံးပြုရမယ်။ အချိန်ဘယ်လောက်ခြားပြီး ပြန်လည် စစ်ဆေးသင့်သလဲ။ ဘယ်နှစ်ကြိမ် စစ်ဆေးရမလဲ? ပဲဖြစ်ပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ရေးသားသူ Khaing Kyi Thit