ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဒေါ်လာအသုံးပြုမှုကို လျှော့ချဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း သမ္မတပူတင်ဖော်ပြ

(နိုင်ငံတကာ) ဇူလိုင် ၇

“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံသုံးငွေကြေးဖြင့် ငွေပေးချေခြင်းများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း” ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာဇက်စတန်နိုင်ငံ၊ Astana မြို့၌ ကြာသပတေးနေ့ (ဇူလိုင်လ ၄ ရက်) တွင် ပြုလုပ်သည့် SCO ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။

SCO ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယူရေးရှားဒေသအများစုကို လွှမ်းခြုံထားသော စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာ့ GDP ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိသည်။ အဆိုပါအဖွဲ့အစည်းတွင် တရုတ်၊ အိန္ဒိယ၊ အီရန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ရုရှား၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဘီလာရုစ်တို့ ပါဝင်သည်။

လက်ရှိတွင် တစ်ခုတည်းသောအာဖရိကနိုင်ငံဖြစ်သည့် အီဂျစ်အပါအဝင် အခြားနိုင်ငံ ၁၄ နိုင်ငံ သည် SCO ၏ဆွေးနွေးဖော်အဆင့်တွင်ရှိပြီး ၎င်းတို့အား အဖွဲ့အစည်း၏ အထူးပွဲများတွင် ပါဝင်ခွင့် ပြုထားသည်။

နိုင်ငံတော် အကြီးအကဲများ ကောင်စီ အစည်းအဝေးတွင် ပြောကြားရာ၌ SCO အဖွဲ့ဝင်များသည် အပြန်အလှန် ငွေပေးချေမှုများတွင် ပြည်တွင်းသုံးငွေကြေးကို တိုးမြှင့်အသုံးပြု နေကြောင်း မှတ်ချက်ပြုခဲ့သည်။

“ထိုသို့ပြောင်းလဲကျင့်သုံးခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားအကြား ကူးသန်းရောင်းဝယ်ရေးတွင် ရှယ်ယာများသည် ယခုနှစ် ပထမလေးလအတွင်း ၉၂ ရာခိုင်နှုန်း ကျော်လွန်သွားပြီဖြစ်ကြောင်း” သမ္မတပူတင်က ဖော်ပြခဲ့သည်။ ရုရှားသည် ၂၀၂၂ ခုနှစ်တွင် အနောက်တိုင်းဘဏ္ဍာရေးစနစ်မှဖြတ်တောက်ခံရသလို ၎င်း၏နိုင်ငံခြားအရန်ငွေများကို ပိတ်ပင်ခံရပြီးနောက် အမေရိကန်ဒေါ်လာအစား ပြည်တွင်းသုံးငွေကြေးများကို ကုန်သွယ်မှုတွင် အသုံးပြုရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။

SCO အတွင်း ငွေပေးချေမှုများအတွက် သီးခြားလွတ်လပ်သော ယန္တရားတစ်ခုဖန်တီးရန် ရုရှား၏ အဆိုပြုချက်ကိုလည်း ပူတင်က ထပ်လောင်းပြောကြားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများကြား တွေ့ဆုံဆွေးနွေးမှုများသည် အဖွဲ့အစည်းအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် အထောက်အပံ့ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်။

ရုရှားဘဏ်အများအပြားသည် ယူကရိန်းပဋိပက္ခစတင်ပြီးနောက် SWIFT နိုင်ငံတကာ ငွေကြေးလည်ပတ်မှုစနစ်မှ ဖြတ်တောက်ခံရပြီးနောက် နိုင်ငံအများအပြားက SWIFT နှင့် ပတ်သက်၍ သံသယရှိနေကြကြောင်း ရုရှားဗဟိုဘဏ်အကြီးအကဲ Elvira Nabiullina က ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

တင်ဇာ

#PAN