တောင်သာ-နွားထိုးကြီး သွားကားလမ်းပေါ်၌ “ပိုင် TTA” ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို PDF များမှ ဓားပြတိုက် လုယက်


(ပြည်တွင်း) ဇူလိုင် ၃

PDF အကြမ်းဖက်သမားများသည် ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရန်ကင်းသာစည်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ရွှေကြာအင်းကျေးရွာကြားသို့ မော်တော်ယာဉ် ၃ စီးဖြင့်ရောက်ရှိလာပြီး တောင်သာ-နွားထိုးကြီး သွားကားလမ်းအတိုင်း သွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များအား တားဆီးစစ်ဆေးပြီး မော်တော်ယာဉ် ၁၁ စီးအား လုယက်မောင်းနှင်သွား ကြောင်း သိရှိရသည်။

PDF အကြမ်းဖက်သမားများသည် တောင်သာ-နွားထိုးကြီးမြို့နယ် ကားလမ်းအတိုင်း သွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များအနက် “ပိုင် TTA” ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို တားဆီးစစ်ဆေးခြင်းများ ပြုလုပ်၍ ယာဉ်မောင်းများနှင့် ခရီးသည်များအား ပြန်လွှတ်ပေးပြီး “ပိုင် TTA” ပိုင်ဆိုင်သည့် AD Van မော်တော်ယာဉ် ၄ စီး၊ Succed မော်တော်ယာဉ် ၂ စီး၊ Probox မော်တော်ယာဉ် ၃ စီးနှင့် ၆ ဘီးကုန်တင်ယာဉ် ၂ စီး၊ စုစုပေါင်း မော်တော်ယာဉ် ၁၁ စီးတို့အား လုယက် ယူဆောင်ပြီး နွားထိုးကြီးမြို့နယ်ဘက်သို့ မောင်းနှင်ထွက်သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် ရွှေကြာအင်းကျေးရွာအနီး၌ အကြမ်းဖက် သမားများ ယူဆောင်သွားသည့် မော်တော်ယာဉ် ၁၁ စီးအား ထိခိုက်ပျက်စီးမှုမရှိဘဲ ပြန်လည်ရရှိခဲ့ဟုသိရသည်။

PDF အကြမ်းဖက်သမားများသည် အများပြည်သူ သွားလာလျက်ရှိသော လမ်းများပေါ်၌ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်းနှင့် ၎င်းတို့အား ထောက်ခံ အားပေးမှု မရှိသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိပြီး အဆိုပါအကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းနှင့် ခရီးသွား ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT#SZ