အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုမျာတွေလုပ်ဆောင်နေ

(ပြည်တွင်း) ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုမျာတွေလုပ်ဆောင်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရပါတယ်။

အင်းဝမြို့ဟောင်းဟာ အင်းဝခေတ် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ခန့်က တည်ရှိခဲ့တဲ့ ရှေးဟောင်းမြို့တော် ဖြစ်ပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းရာမှာ လိုအပ်တဲ့အချက်အလက်တွေ ကောက်ယူခြင်းနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟာ စိတ်ဝင်စားဖွယ်ရာများစွာတည်ရှိပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို အထူးဆွဲဆောင်နိုင်တဲ့ သမိုင်းဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ်လေ့လာစရာ များစွာတည်ရှိသောဲ့ အင်းဝမြို့ဟာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း တည်ရှိပါတယ်။

အင်းဝမြို့ဟာ မြို့သက် (၄၇၃)နှစ်ကြာမြင့်ခဲ့ပြီး မင်းဆက် (၃၄)ဆက် စိုးစံခဲ့သော မြို့တစ်မြို့လည်းဖြစ်ပါတယ်။

အင်းဝမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ယူနက်စကိုမှ သတ်မှတ်ထားတဲ့ Guide Line ပြည့်စုံအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

အင်းဝမြို့ဟောင်းမှာ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများရှိတဲ့ ဒေသနှင့်ကာကွယ်တဲ့ ကြားခံဒေသ (Buffer Zone)မှာ ရှေးဟောင်းဘုရား၊ စေတီ၊ အဆောက်အအုံများ အရေအတွက်နှင့် နောက်ခံသမိုင်းကြောင်းများကို ပြုစုနေခြင်းများ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အင်းဝမြို့ဟောင်းရဲ့ ရှေးဟောင်းနယ်မြေမှာ ဧရိယာ ၇ စတုရန်းမိုင် ကျယ်ဝန်းပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာဒေသ (Property Area )နှင့် ကြားခံဒေသ( Buffer Area ) အတွင်းမှ ရှေးဟောင်းစေတီ ပုထိုးနှင့် အဆောက်အအုံပေါင်း ၉၆၁ ခုရှိပါတယ်။ ၎င်းတို့အနက် မှတ်တမ်းစာရင်း (Inventory) ပြုစုပြီး အရေအတွက်မှာ ၃၀၀ ဝန်းကျင်ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။

အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ဓာတ်ပုံများပါသော လမ်းညွှန်မြေပုံများ စိုက်ထူခြင်း၊ ဘုရားတစ်ဆူ စီနှင့် ရှေးဟောင်းအဆောက်အအုံများရဲ့ သမိုင်းကြောင်းကောက်ယူမှတ်တမ်းပြုစုခြင်း၊ မြေပုံရေးဆွဲခြင်းစတဲ့ ယူနက်စကိုမှ သတ်မှတ်ချက်များနှင့် ပြည့်စုံရန်ဆောင်ရွက်နေကြောင်း သိရပါတယ်။

#PAN