“တစ်ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရတဲ့ အာဂျင်တီးနားနည်းပြ စကာလိုနီ”

(အားကစား) ဇူလိုင် ၁

ကိုပါအမေရိကဖလား အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ကနေဒါအသင်းနဲ့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းသားတွေက ကွင်းထဲ ဝင်ဖို့ နောက်ကျခဲ့တာကြောင့် အာဂျင်တီးနားနည်းပြ စကာလိုနီကို တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ဇွန်လ ၂၈ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။

ပွဲတစ်ပွဲမှာ သတ်မှတ်ထားတဲ့ အချိန်ထက်နောက်ကျမှ ဝင်လာမယ်ဆိုရင် ပြစ်ဒဏ်ချခံရမယ်လို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က တရားဝင်ပြဋ္ဌာန်းထားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းသားတွေဟာ ကနေဒါအသင်းနဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ကွင်းထဲဝင်ဖို့ နောက်ကျခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရတာက နည်းပြစကာလိုနီရဲ့ စီမံခန့်ခွဲမှု အားနည်းခဲ့တာကြောင့် ဖြစ်လို့ အခုလိုပြစ်ဒဏ်ချမှတ်လိုက်တာလို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

နည်းပြစကာလိုနီဟာ တစ်ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရတဲ့အပြင် အာဂျင်တီးနားအသင်းဟာလည်း စည်းမျဉ်း ချိုးဖောက်ခဲ့ တာကြောင့် ဒေါ်လာ ၁ သောင်းခွဲကို ဒဏ်ကြေးအနေနဲ့ ပေးဆောင်သွားရမယ်လို့ သိရပါတယ်။

တောင်အမေရိက ဘောလုံး အဖွဲ့ချုပ်ဟာ အာဂျင်တီးနားအသင်းနဲ့ပွဲစဉ်မှာ ကွင်းထဲဝင်ဖို့နောက်ကျခဲ့တဲ့ ချီလီအသင်းကိုလည်း ဒေါ်လာ ၁ သောင်းခွဲ ဒဏ်ကြေး ပေးဆောင်ရမယ်လို့ ဆုံးဖြတ်ခဲ့သလို ချီလီနည်းပြ ဂါရီကာကိုလည်း တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

#PAN