“ဆီဗက်စတိုပိုမြို့ကို ယူကရိန်းဘက်က အကြမ်းဖက်တိုက်ခိုက်”

(နိုင်ငံတကာ) ဇူလိုင် ၁

ယူကရိန်းက ဇွန်လ ၂၃ ရက်တွင် ရုရှားနိုင်ငံ ဆီဗက်စတိုပိုမြို့ပေါ်သို့ ဒုံးကျည်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် ယူကရိန်းဘက်သို့ အမေရိကန်က ထောက်ပံ့ ပေးထားသော နည်းဗျူဟာမြောက် ATACMS ဒုံးကျည်များကို ပဒေသာခဲယမ်းပါ ထိပ်ဖူးများ တပ်ဆင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဆီဗက်စတိုပိုမြို့တွင် ငြိမ်းချမ်းစွာ နေထိုင်နေသော ကလေးငယ်သုံးဦးအပါအဝင် ပြည်သူငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၅၀ အထိရှိသည်။

ယူကရိန်းဘက်က ပစ်ခတ်လိုက်သော ဒုံးကျည်ငါးစင်းအနက် လေးစင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် ပစ်ချလိုက်နိုင်သော်လည်း တစ်စင်းမှာ မြို့ပေါ်တွင် ပေါက်ကွဲသွားခြင်းဖြစ်သည်။

ရုရှားနှင့် ဖြစ်ပွားနေသောပဋိပက္ခတွင် ယူကရိန်းဘက်က မည်သည့်အောင်မြင်မှုကြီးကြီးမားမားမျှ မရရှိ သည့်အတွက် ရုရှားနိုင်ငံအတွင်း ငြိမ်းချမ်းစွာနေထိုင်နေသော ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ယူကရိန်းအနေဖြင့် အမေရိကန်နိုင်ငံရှိ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရရှိခြင်း ကြောင့်သာ ယခုကဲ့သို့ ပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ရဲခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံသည် ၎င်းတို့ထံသို့ ထောက်ပံ့ပေးထားသော လက်နက်များဖြင့် ရုရှားပိုင်နက်နယ်မြေအတွင်းသို့ တိုက်ခိုက်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ခွင့်ပြုထားသည်။

 ထို့ပြင် အမေရိကန်စစ်ဘက်ကျွမ်းကျင် ပညာရှင်များက ပစ်ခတ်မှုစီမံချက်များချမှတ်ခြင်း၊ ဂြိုဟ်တုကင်းထောက်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရုရှား နယ်မြေအတွင်းရှိ ပစ်မှတ်များ၏ မြေပုံညွှန်းများကို ယူကရိန်းတပ်မတော်သို့ ပေးခြင်းတို့ကိုသာမက ဒုံးကျည်များ၏ ပျံသန်းမှု လမ်းကြောင်းများကိုပါ တိုက်ရိုက်ကွပ်ကဲလျက် ရှိသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရသည် ပင်တဂွန်က ထောက်ပံ့ပေးထားသော ဒုံးကျည်များ၏စွမ်းဆောင်ရည်များကို သိရှိထားသော်လည်း ယခုဖြစ်ပွား သည့် အကြမ်းဖက်တိုက်ခိုက်မှုအခြေအနေကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်ကို တွေ့ရသည်။

ထို့ပြင် ယူကရိန်းက အကြမ်းဖက်တိုက်ခိုက်မှုလုပ်ဆောင်သည့်အချိန်မှာ ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်များ အနက် Saint Trinity Sunday တွင် ဖြစ်သောကြောင့် ဘာသာရေးပြစ်မှုကို ကျူးလွန်ရန် ထို့နေ့ကို ရည်ရွယ်ချက် ရှိရှိ ရွေးချယ်ခြင်းဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#PAN