စေချင်သည် (အယ်ဒီတာ့အာဘော်)

ကျွန်တော်တို့မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံတော်တော်များများထဲမှာ  ထမင်းကို အလေးပြုအားထားစားသုံးကြပါတယ်။ မနက်ထမင်းကြမ်း၊ မနက်စာထင်းနဲ့ ညနေစာလည်းထမင်းပဲဖြစ်ပါတယ်။ ကျေးလက်တောရွာတွေမှာတော့ ထမင်းဟာ ခွန်အားရဲ့ တန်ခိုးရှင်ဖြစ်ပါတယ်။ ထမင်းများများစားမှ များများအားရှိမှာမို့ အလုပ်များများလုပ်နိုင်မယ်လို့လည်းသူတို့ ယုံကြည်ထားကြပါတယ်။

မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်တွေဖြစ်ကြပါတယ်။ တော တောင်တွေ လယ်ယာတွေနဲ့ မြစ်ချောင်းတွေကိုသူတို့မှီခိုကြသလို သူတို့ရဲ့တစ်နေ့တာကို အလုပ်ကြမ်းတွေလုပ်ရင်း ဖြတ်သန်းကြတာဟာ နေဝင်မိုးချုပ်တဲ့ထိအောင်ပါပဲ။ အသက်ရှင်သန်ဖို့ ထမင်းစားရဖို့လိုသလို ထမင်းစားရဖို့ ငွေကို ကုန်းရုန်းရှာကြရပါတယ်။

စီးပွားရေးကြပ်တည်းမှုတွေ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခြေခံလူတန်းစားတွေအဖို့ မပြေလည်မှုတွေနဲ့ အသက်ရှင်သန်ဖို့ ထမင်းစားရဖို့ ရုန်းကန်နေရပေမယ့် ဝိသမလောဘသား ငွေရှင်ကြေးရှင်တွေဟာ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းကြပါတယ်။

ရွှေ၊ ဆန်နဲ့ ဆီ (စား/စက်သုံး)တွေကို ဈေးကစား ကုန်ဈေးနှုန်းမတည်ငြိမ်မှုတွေကိုလုပ်ဆောင်နေကြပါတယ်။ ဝိသမလောဘသား ငွေရှင်ကြေးရှင်တွေနဲ့ ကိုယ့်တစ်ဘို့သာကြည့်တတ်တဲ့သူတွေကြောင့်

အခြေခံလူတန်းစားတွေဖြစ်တဲ့ လက်လုပ်လက်စားတွေ၊ အစိုးရနဲ့ အရပ်ဘက်အောက်ခြေစာရေး စာချီတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲခံနေကြရပါတယ်။ အဲ့ဒီထဲမှာ တစ်နေ့လုပ်မှတစ်နေ့စားကြရတဲ့သူတွေလည်း

ဒီအခြေအနေကို ခါးစည်ရင်ကော့အောင်ခံနေကြရပါတယ်။

မနေ့က အစိုးရရဲ့ထုတ်ပြန်ချက်တစ်စောင်မှာတော့ ပြည်တွင်းဆန်ဈေးကွက်မှာ သင့်တင့်မျှတတဲ့ဈေးကွက်ဈေးနှုန်းထက်ပိုမိုပြီး ဈေးနှုန်းမြှင့်တင်ရောင်းဝယ်နေတဲ့သူတွေကိုဖမ်းဆီးလိုက်တဲ့ဆိုတာတွေ့ရတယ်၊ ဆန်ကုမ္ပဏီတွေ ဆန်စက်ပိုင်ရှင်တွေ ပွဲရုံ၊ ကုန်သည်၊ ဆန်ဆိုင်တွေအပြင် One Stop Mart, City Mart Hoking လိုဈေးဝယ်စင်တာတွေရဲ့တာဝန်ရှိသူတွေကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

စူပါစီုးနစ်ထက်မြန်တဲ့ကုန်ဈေးနှုန်းကို ဒီလိုထိမ်းချုပ်တာကိုတော့ ကြိုဆိုရမှာဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့်လုပ်သင့်ပါတယ်၊ စံပြအဖြစ်လောက်လုပ်ပြ ပြီးတော့ပြန်လွှတ်ပေးဆိုရင်တော့ ယောက်ဖကြက်ဉတိုက်သထက်စိုးမှာဖြစ်ပြီး ပိုပြီးယောက်တက်လာကြပါလိမ့်မယ်။

အခြေခံဝန်ထမ်းတစ်ဦးရဲ့လစာဟာ ဆန်တစ်အိတ်ပဲရတာပါ။ အလုပ်ကြမ်းသမားတစ်ဦးပါဝင်တဲ့ မိသားစုဝင် ၄ ယောက်ဟာ တစ်နပ်ကို

၃ ဘူးချက်ရပါတယ်။ တစ်နေ့ ၆ ဘူးပါ။ တစ်လ ဆန်တစ်အိတ်မလောက်ပါဘူး။ ဆန်ထပ်ဝယ်ရပါတယ်။ ဈေးသုံးစာရိတ် ကျောင်းစာရိတ် ရုံးစာရိတ် ဆေးဖိုးသာရေး နာရေး တစ်လလောက်ငှအောင် မနည်းလည်ပတ်နေရတဲ့ပြည်သူတွေရဲ့ဘဝဟာ ဒီဝိသမလောဘသားတွေကြောင့် ပြာပုံဘဝ ရောက်ရမယ့်အခြေအနေမှာရှိနေပြီဖြစ်ပါတယ်။

ပြည်သူတွေခံစားနေကြရတဲ့ အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းပေးနေတဲ့ နိုင်ငံတော်အစိုးကကိုကျေးဇူးတင်ပေမယ့် အောက်ခြေရဲ့လိမ်ရိုးလိမ်စဉ်တွေကြောင့် သိက္ခာကျ နာမည်ပျက်မှာကိုလည်း ဂရုပြုစေချင်ပါတယ်။

ပြည်သူအများစုဟာ ဒီမိုကရေစီအုပ်ချုပ်ရေး စစ်အုပ်ချုပ်ရေးဆိုတာထက် တိုင်းပြည်အေးချမ်းပြီး သူတို့ရဲ့ဘဝတွေပြေလည်ချင်ကြသူတွေပါ။

သူတို့ရဲ့ဘဝတွေကို ပြေလည်အောင်ဆောင်ရွက်ပေးနိုင်မယ့် ဆောင်ရွက်ပေးနိုင်တဲ့ ဘယ်လိုအစိုးရမျိုးကိုမဆို လက်ကမ်းကြိုဆိုကြမှာဖြစ်ပါကြောင်း ….။

#PAN