(နိုင်ငံတကာ) ဇွန် ၃၀
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ Great Hall of the People ၌ ဇွန်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် ချမှတ်သည့် နှစ်(၇၀)ပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် က လွန်ခဲ့သည့် နှစ်ပေါင်း(၇၀)အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်၏ အရေးကြီးသည့် အနှစ်သာရနှင့် ကမ္ဘာလုံး ဆိုင်ရာ အရေးကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရန် လမ်းကြောင်း၏ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံအကြီးအကဲဟောင်းနှင့် အစိုးရအဖွဲ့ အကြီးအကဲဟောင်း ၂၀ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံတကာနှင့်ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန် ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မီဒီယာနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် သည် ၁၁၃၀ နာရီတွင် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe ခန်းမတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ(Mr. Wang Yi)က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။
အဆိုပါနေ့လယ်စာစားပွဲတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရို အတွင်းရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ်နိုင်ငံ သမ္မတဟောင်း Dilma Rousseff၊ အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန်စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့မှု၊ ယင်းမူကြီး(၅)ရပ်အား လိုက်နာကျင့်သုံးကြသည့် နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် St.Regis ဟိုတယ်၌ တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအဖွဲ့အစည်း (Chinese People’s Institute of Foreign Affairs – CPIFA) ၏ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချောင် မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။