အီးယူဗျူရိုကရက်များက ရုရှားနှင့် စစ်ဖြစ်ဖို့ တွန်းပို့နေကြကြောင်း ဟန်ဂေရီဝန်ကြီးချုပ် မှတ်ချက်ပြု

(နိုင်ငံတကာ) ဇွန် ၃၀

အီးယူ၏ ဦးဆောင်မှုက ရုရှားနှင့် စစ်ပွဲဖြစ်ပွားရန် တွန်းအားပေးနေပြီး ၎င်းတို့ပြည်သူများ၏ အကျိုးစီးပွားကို လျစ်လျူရှုထားကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြား ခဲ့သည်။ စနေနေ့က Magyar Nemzet သတင်းစာတွင်ထုတ်ဝေသော op-ed တွင် အော်ဘန်က အီးယူသည် စီးပွားရေးစိန်ခေါ်မှုနှင့် အကြမ်းဖက်မှု၏ခြိမ်းခြောက်မှုများအပါအဝင် အကျပ်အတည်း များစွာကို ဆက်တိုက်ရင်ဆိုင်နေရကြောင်းသတိပေးခဲ့သည်။

“ပိုဆိုးတာက အီးယူရဲ့ ဗျူရိုကရေစီယန္တရားဟာ မကြာသေးမီနှစ်တွေအတွင်း ဆိုးရွားတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်များစွာကို ပြုလုပ်ခဲ့ပြီး ဥရောပကို စစ်ပွဲထဲ ဆွဲခေါ်နေပါတယ်။ အကယ်၍ စစ်ဖြစ် ကြပြီဆိုရင် အမြတ်ရဖို့နေနေသာသာ အားလုံး ဆုံးရှုံးဖို့အပြင် မရှိပါဘူး” ဟု ဝန်ကြီးချုပ်က ဖော်ပြခဲ့သည်။ “ဘရပ်ဆဲလ်မှာရှိတဲ့ ဗျူရိုကရက်တွေက ဒီစစ်ပွဲကို လိုလားတယ်။ ၎င်းတို့က ရုရှားကို အနိုင်ယူလိုကြတယ်။ သူတို့က ယူကရိန်းစစ်ပွဲအတွက် ဥရောပသားတွေရဲ့ ပိုက်ဆံတွေနဲ့ ထောက်ပံ့ပေးနေတယ်။ ဥရောပမှာ ကုမ္ပဏီတွေကို ဖိနှိပ်ပြီး ဒီလိုထောက်ပံ့မှုတွေလုပ်နေတာက ငွေကြေးဖောင်းပွမှုဖြစ်စေဖို့ တွန်းအားပေးနေပါတယ်” ဟု ၎င်းက ထပ်လောင်း ဖော်ပြခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ် တတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ရန် Ursula von der Leyen ကို တရားဝင်အမည်စာရင်းတင်သွင်းပြီးနောက် ဟန်ဂေရီခေါင်းဆောင်သည် ယခုလို ၎င်း၏ မှတ်ချက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် အက်စ်တိုးနီးယားနိုင်ငံခြားရေး ဝန်ကြီး Kaja Kallas အား အီးယူအဖွဲ့၏ ထိပ်တန်းသံတမန် Josep Borrell ၏ နေရာတွင် အစားထိုးရန် အမည်စာရင်းတင်သွင်းခဲ့သည်။ နိုင်ငံခြားရေးမူဝါဒတွင် သူမ၏ တင်းမာသော ရပ်တည်ချက်ကြောင့် လူသိများသော Kallas သည် ရုရှားအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့ မှုများနှင့် ယူကရိန်းသို့ လက်နက်များ ပိုမိုတင်ပို့ပေးဖို့ အဓိက ထောက်ခံသူတစ်ဦးလည်းဖြစ်သည်။ သူမသည် ယူကရိန်းအား အကူအညီပေးရန်အတွက် ပိတ်ဆို့ထားသော ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရန် ထောက်ခံသူလည်းဖြစ်သည်။

အော်ဘန်သည် ယူကရိန်းပဋိပက္ခတွင် အီးယူ၏ချဉ်းကပ်မှုအပေါ် တစိုက်မတ်မတ်ဝေဖန်သူဖြစ်ပြီး တင်းမာမှုများကို သံတမန်နည်းလမ်းအရ စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ပြေလည်မှုရရှိရေးကို ဦးစားပေးခဲ့သည်။ နေတိုးအဖွဲ့ဝင်အများအပြားနှင့်မတူဘဲ ဟန်ဂေရီသည် ကိယက်ဗ်သို့ လက်နက်များ ပေးပို့ရန် ငြင်းဆိုခဲ့ပြီး ငွေကြေးအကူအညီများလည်း ထောက်ပံ့ပေးခြင်းမရှိခဲ့ပါ။ အော်ဘန်က အမေရိကန်နှင့် အီးယူတို့သည် တိုက်ကြီးအတွင်း စစ်ပွဲများဖြစ်ပွားစေဖို့ အဓိက လှုံံ့ဆော်နေသော အကြောင်းအရင်းများဖြစ်ကြောင်း ယခင်က အခိုင်အမာပြောဆိုခဲ့ပြီး ရုရှားနှင့် ပတ်သက်၍ အီးယူ၏ အန္တရာယ်ဖြစ်စေမည့် မူဝါဒများအပေါ် ဝေဖန်ခဲ့သည်။

တင်ဇာ

#PAN