“လျှပ်စစ်စွမ်းအားလိုအင်များကို ဖြည့်တင်းခြင်းဖြင့် မြန်မာ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ကြစေလို”

(ဆောင်းပါး)

လျှပ်စစ်စွမ်းအားဟုဆိုရာတွင် လူအများစုအတွေးမှာတွေးမိနိုင်မည်က အစိုးရသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ပြည်သူကိုပြန်လည်ဖြန့်ဖြူး မည် လို့ပဲ တွေးမိကြပါလိမ့်မည်။

ယနေ့ခေတ်တွင် ဓာတ်အားမလုံလောက်မှုများကိုပြည်သူအများတို့ ကြုံတွေ့နေကြရသည်။ ထို့အတွက်ကြောင့် အချို့ပြည်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် နေရောင်ခြည်သုံး ဆိုလာ ပြားများ တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနေကြသည်မှာ မိမိတို့မျက်မြင်ပင်ဖြစ်ပါသည်။

သို့သော် မည်သည့်အတွက်လျှပ်စစ်ဓာတ်အားမလုံလောက်ရသည် ကိုတော့ မေးခွန်းထုတ်ဖို့ မေ့နေကြသည်။ တစ်ကယ်တန်း မြန်မာနိုင်ငံတွင် တပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်နိုင်သည့် ပမာဏ မှာ ၇၀၀၀ မှ ၈၀၀၀ မဂ္ဂါဝပ်ကြားတွင် ရှိနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၅၃၀၀၀ မဂ္ဂါဝပ် အထိ တပ်ဆင်ထားသည်ကို မြင်တွေ့ရလျှင် လျှပ်စစ်ဓာတ်အားမည်မျှအထိလိုအပ်နေသေးသည်ကို မြင်တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံအနေနှင့်  လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို အလျှင်မှီအောင် တည်ဆောက်ရန် ခက်ခဲနေသေးပါသည်။

လျှပ်စစ်ထုတ်လုပ်ရာတွင် တစ်နိုင်တစ်ပိုင်လျှပ်စစ်ထုတ်ပြီး အစိုးရသို့ပြန်လည်ရောင်းချခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်အား ရရှိမှုမရှိသေးသော နေရာများတွင် ပုဂ္ဂလိက လျှပ်စစ်ရောင်းချမှုများလဲ ရှိနေသေးသည်။ အဆိုပါနေရာများတွင် တစ်ယူနစ် လျှင် ငွေကျပ် ၁၀၀၀ စျေးအထိပေါက်နေသည့်အနေအထားအထိရှိနေပါသည်။

လျှပ်စစ်စွမ်းအားဟုဆိုရာတွင် ယနေ့ခေတ် အနေဖြင့် ရုပ်ကြွင်းလောင်စာများဖြစ်သော ကျောက်မီးသွေး သဘာဝဓာတ်ငွေ့ စသဖြင့် အသုံးပြုသော စက်ရုံများအနေဖြင့် လောင်စာစရိတ် ကြီးမြင့်နေမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်စရိတ်များ ကြီးမြင့်နေရသည်။

နေရောင်ခြည်စွမ်းအင်အနေဖြင့် နှိုင်းယှဥ်ရလျှင်လည်း အသုံးပြုရသော ပစ္စည်းများ၏ စျေးနုန်း​အတွက် အရင်းအနှီးများပြားလှသည်ကို မြင်တွေ့နေရသည်။ သို့အတွက်ကြောင့် ယခုလျှပ်စစ် ၁ ယူနစ်လျှင် ၃၅ ကျပ်မှ ၁၂၀ ကျပ် ပြန်လည်အကျိုးအမြတ်ရရှိပုံ တစ်ရက်လျှင်နေရောင်ခြည်ရချိန်သာ ဓာတ်အားထုတ်လုပ်နိုင်သည်တို့နှင့် တွက်လျှင် တွက်ခြေမကိုက်လှပေ။

သို့ရာတွင်ရေအားလျှပ်စစ် လုပ်ငန်းအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ်မူတည်၍ ရေရှည်ကျိုးအမြတ်ဖြစ်ထွန်းလေ့ရှိပါသည်။ ၁ ယူနစ်၏ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၁၈ ကျပ် ၁၉ ကျပ်သာရှိပြီး အဆောက်အဦးကုန်ကျစရိတ်မှာ ၁ မဂ္ဂါဝပ်ရှိ အဆောက်အဦး ၁ ခုအတွက် ဒေါ်လာ ၁ သန်းမှ ဒေါ်လာ ၃ သန်းဝန်းကျင်အထိသာ ကုန်ကျ သဖြင့် ရေရှည်အားဖြင့်ဆိုရလျှင် တွက်​ခြေကိုက်သောစီးပွားရေးပင်ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံတွင်ဝမ်းနည်းဖွယ်ရာပဲ ရေအားလျှပ်စစ်ကဏ္ဏမှာ မှေးမှိန်သွားသည်ကတော့ အံ့သြစရာပဲဖြစ်ပါသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သတ်၍ မိမိတို့အနေဖြင့်သေသေချာချာသုံးသပ်သင့်သည်လို့ မြင်မိပါသည်။

စရိတ်ကြီးမားသော ဓာတ်အားပေးစီမံကိန်များတည်ဆောက်၍ အစိုးရမှ အရှုံးခံ၍ ဓာတ်အားပေးခြင်းနှင့် အစိုးရကောပြည်သူပါ စျေးနုန်းချိုချိုသာသာဖြင့် ဓာတ်အားရရှိ နိုင်ခြင်း ၂ ခုထဲမှ တစ်ခုရွေးရမည်ဖြစ်သည်။

ရေအားလျှပ်စစ်စက်ရုံများ၏ အကျိုးအမြတ်ကိုတွက်ချက်ကြည့်ပါမည်။

ရေအားလျှပ်စစ်စက်ရုံများမှာလျှပ်စစ်ဓာတ်အားအနေဖြင့်လည်း အမြဲတစ်စေရေစီးဆင်းနေသောနေရာများဖြစ်ပါက ၂၄ နာရီလုံး လျှပ်စစ်ထုတ်လုပ်နိုင်မည်ဖြစ်ရာ ၁ မဂ္ဂါဝပ်ရှိ စက်ရုံတစ်ရုံမှာ ယူနစ် ၂ သောင်းကျော်ခန့် နေ့စဥ်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ သို့အရာတွေ ၅၀ ရာနုန်းခန့်သာ စက်ရုံလည်ပတ်နိုင်သည်ဟုတွေးပြီး တစ်နေ့လျှင် ယူနစ် ၁၀၀၀၀ သာ ထုတ်လုပ်နိုင်သည်ဟုပဲ တွက်ချက်ကြည့်ပါမည်။

ယခုလက်ရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသော နေရာများတွင် တစ်ယူနစ်လျှင် ငွေ ၁၀၀၀ ခန့်ပေးနေရသည့်အစား ရေအားလျှပ်စစ်ဖြင့် တစ်ယူနစ်လျှင် ငွေ ကျပ် ၃၀၀ မှ ၅၀၀ အထိ ကောက်ယူပါလျှင် ၂ ဦး ၂ ဖက်အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပါသည်။

အကယ်၍ ၁ ယူနစ်လျှင် ငွေကျပ် ၂၀၀ ဖြင့်ရောင်းနိုင်ပါက ရက် ၃၅၀ တွင် သိန်း ၇၀၀၀ ခန့်အထိ ငွေပြန်ဝင်နိုင်သော အနေအထားရှိနေသည်။ ထိန်းသိမ်းစရိတ် နှင့် ဝန်ထမ်းလစာသာ ကုန်ကျနိုင်မည်ဖြစ်သည်။ ၄ နှစ် ၅ နှစ်ဖြင့် အရင်းကျေနိုင်သော စီးပွားရေး ၁ ခု ဟုပင်ပြောနိုင်ပါသည်။

အဆိုပါတွက်ချက်မှုမှာ ယူနစ် ၁ သောင်း တစ်ယူနစ် ၂၀၀ ဖြင့်သာ တွက်ချက်ထားခြင်းဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံသူအနေဖြင့် နေရာကောင်း နှင့် စျေးကောင်းရနိုင်သော နေရာကို ရှာဖွေနိုင်ခဲ့ပါက ၂ နှစ် ၃ နှစ် ဖြင့်ပင်အရင်းကျေရန်မခက်ခဲလှပေ

လျှပ်စစ်စွမ်းအားနှင့် ကုန်ထုတ်လုပ်ငန်း၏ ဆက်စပ်နေပုံ

မိမိတို့နိုင်ငံတွေ ကုန်ထုတ်လုပ်ရေး စက်ရုံများ စက်မှုဇုန်များ များစွာရှိနေပါသည်။

သို့ရာတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် စက်ရုံများမှာ ရာနုန်းပြည့်လည်ပတ်နိုင်ခြင်း မရှိပေ။

စက်ရုံတစ်ရုံသည် ၈ နာရီ ၁ ဆိုင်းဖြစ့် ၃ ဆိုင်း ၂၄ နာရီ အပြည့် လည်ပတ်ခွင့်ရမှသာ အဆိုပါစက်ရုံကို အပြည့်အဝ အသုံးချနိုင်သည် ဟု ဆိုနိုင်ပါသည်။

မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ တစ်နေ့လျှင် သိန်း ၃၀၀၀ ဖိုးခန့် ကုန်ထုတ်လုပ်နိုင်ခြေရှိသော စက်ရုံအနေဖြင့် ၈နာရီ ၁ ဆိုင်းသာဆိုလျှင် သိန်း ၁၀၀၀ ဖိုး ၈ နာရီ ၂ ဆိုင်းသာဆိုလျှင် သိန်း ၂၀၀၀ ဖိုးသာ ထုတ်နိုင်သည့် အနေအထားသို့ရောက်ရှိနေပါသည်။

အဆိုပါကိစ္စရပ်သည် ထိုမျှဖြင့်ပင်မပြီးပေ စက်ရုံသည် တစ်ဆိုင်းလျှင် အလုပ်သမား ၁ထောင်ခန့်အပ်နိုင်လျှင် ၃ ဆိုင်း ခန့်နိုင်ပါက အလုပ်သမား ၃ ထောင် ခန့်နိုင်မည် ဖြစ်ပါသည်။ စက်ရုံအကျိုးအမြတ်များလာသည်နှင့်အမျှ လုပ်ခလစာလဲ တိုးတက်လာနိုင်ပါသည်။

ထို့အတွက်ကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုရရှိလာလျှင် ကုန်ထုတ်လုပ်ငန်းများသည် ၂ ဆ နှင့် အလုပ်ခန့်အပ်မှုနုန်း ၂ ဆ ခန့် တိုးတက်လာနိုင်သည်ဟုလဲ သုံးသပ်၍ ရနိုင်ပါသည်။

ထိုသို့သောအကြောင်းအရာများ​နှင့်နှိုင်းယှဥ်၍ သုံးသပ်ကြည့်ပါက လျှပ်စစ်ဓာတ်အားသည် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားနှင့် အလုပ်ခန့်အပ်မှု ရာခိုင်နုန်းကို တိုးတက်စေယုံသာမကပဲရင်းနှီးမြုပ်နှံသူများအနေဖြင့်လဲ ရေအားလျှပ်စစ်စီမံကိန်းများအပေါ်ငွေကြေးအားဖြင့်သော်လည်းကောင်း လူအားဖြင့်သော်လည်းကောင်း ရင်းနှီးမြုပ်နှံခြင်းဖြင့် မိမိတို့ကိုယ်တိုင်လည်းအကျိုးအမြတ်ရရယူရင်းဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်၏ တိုးတက်မှုကိုလည်း အထောက်အကူပြူပေးနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါတော့သည်။

ဇွဲ(Hydro)