“ရုရှားက တာလတ်နှင့် တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ဖြန့်ကြက်မှု ပြန်လည်စတင်နိုင်ပြီကြောင်း ပူတင် ပြော”

(နိုင်ငံတကာ) ဇွန် ၃၀


ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် တာလတ်နှင့် တာတိုပစ်ဒုံးကျည်များကို ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်းဖြန့်ကြက်မှုကို ပြန်လည်စတင်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောသည်။ ရုရှားလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပူတင် က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။


အမေရိကန်အစိုးရ၏ လက်ရှိရန်လိုနေသော အနေအထားကြောင့် ရုရှားအနေဖြင့် သဘောတူစာချုပ်ပါ လက်နက်များအပေါ်ထားရှိသည့် ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ရခြင်းဖြစ်ကြောင်း ပူတင် ကဆက်ပြောသည်။


အဆိုပါ မြေပြင်အခြေစိုက် တာလတ်နှင့် တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ဖြန့်ကြက်မှုကို တာလတ် နျူကလီးယားတပ်ဖွဲ့ သဘောတူစာချုပ်(INF)တွင် တားမြစ်ထားသည်။


သို့သော် အဆိုပါသဘောတူစာချုပ်သည် ၂၀၁၉ ခုနှစ်တွင် ဖျက်သိမ်းလိုက်ရပြီဖြစ်သောကြောင့် ထိုလက်နက်များ ထုတ်လုပ်ဖြန့်ကြက်မှုကို တစ်ဖက်သတ်ဆိုင်းငံ့ထားရမှုအပေါ် ပြန်လည်သုံးသပ်ရခြင်း ဖြစ်ကြောင်း ပူတင် ကဆက်ပြောသည်။


အမေရိကန်နိုင်ငံအနေဖြင့် ထိုကဲ့သို့သော လက်နက်များကို ကမ္ဘာတစ်ဝန်းဖြန့်ကြက်မှု မရှိသမျှ ကာလပတ်လုံး ရုရှားနိုင်ငံကလည်း ထိုဒုံးကျည်များကို ထုတ်လုပ်မှုနှင့်ဖြန့်ကြက်မှုတို့ကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပူတင် က ဆိုသည်။


သို့ရာတွင် အခြေအနေများက ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ အမေရိကန်သည် ထိုကဲ့သို့သော လက်နက် များကို ပြည်ပနိုင်ငံများတွင် ဖြန့်ကြက်လာပြီဖြစ်ကြောင်း ပူတင် က ပြောသည်။


၁၉၈၇ ခုနှစ်တွင် သမိုင်းဝင်သဘောတူစာချုပ်တစ်ခုဖြစ်လာသည့် INF တွင် ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ ကြား ပျံသန်းနိုင်သည့် မြေပြင်အခြေစိုက် အမြင့်ပျံနှင့်အနိမ့်ပျံဒုံးကျည်များ၊ ထိုဒုံးကျည်များအတွက် လောင်ချာများ ထုတ်လုပ်ဖြန့်ကြက်မှုကို တားမြစ်ထားကြောင်း သိရသည်။
#PAN