“နှစ်နိုင်ငံကြား လုံခြုံရေးသဘောတူညီချက်ကို ပိုလန်နှင့် ယူကရိန်း လက်မှတ်ရေးထိုးဖွယ်ရှိ”

(နိုင်ငံတကာ) ဇွန် ၃၀


ပိုလန်နိုင်ငံသည် NATO အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲ စတင်ကျင်းပခြင်းမပြုမီ ယူကရိန်းနှင့် နှစ်နိုင်ငံကြား လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း ပိုလန်ဝန်ကြီးချုပ်က ဇွန်လ ၂၈ ရက်တွင် ပြောသည်။


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တွင် ကျင်းပမည့် NATO အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပိုလန် က ယူကရိန်းနှင့် လုံခြုံရေးသဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးရန် ဝါဆောမြို့၌ ဆွေးနွေးမည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက် က ဇွန်လ ၂၇ ရက်တွင် ပြောကြားသည်။ NATO အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်၌ ဇူလိုင်လ ၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။


ပိုလန်နိုင်ငံအနေဖြင့် မိမိတို့၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို ကျဆင်းစေခြင်းမရှိဘဲ ယူကရိန်းနှင့်အတူ တစ်နိုင်ငံက အခြားတစ်နိုင်ငံအား မည်ကဲ့သို့ အကူအညီပေးနိုင်သည်ဟူသောအချက်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း တက် က ဆက်လက်ပြောကြားခဲ့သည်။


နှစ်နိုင်ငံကြား လုံခြုံရေးသဘောတူညီချက်ချမှတ်ခြင်းကို ပိုလန်နှင့်ယူကရိန်းတို့က လက်တွေ့တွင် လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း အသေးစိတ်အချက်အလက်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံကြား ရှင်းလင်းရန်သာ ကျန်ရှိတော့ကြောင်းသိရသည်။


ဥရောပသမဂ္ဂအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်သည့် လစ်သူရေးနီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့ကလည်း ယူကရိန်းနှင့် လုံခြုံရေးသဘောတူညီချက်များကို အသီးသီးလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

#PAN