ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ Patriot ဒုံးကျည်စနစ်များထုတ်လုပ်ရေးစာချုပ်အား အမေရိကန်ချုပ်ဆို

(နိုင်ငံတကာ) ဇွန် ၃

အမေရိကန် ကာကွယ်ရေးစက်မှုလုပ်ငန်းကြီးဖြစ်သော Lockheed Martin Missiles and Fire Control နှင့် Patriot ဒုံးကျည်စနစ်များအတွက် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စာချုပ်ကို ချုပ်ဆိုလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့ (ဇွန်လ ၂၈ ရက်) တွင် ကြေညာခဲ့သည်။

နှစ်ရှည်သဘောတူညီချက်တွင် 870 PAC-3 MSE ဒုံးခွင်းဒုံးများနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်နေသည်။

ထုတ်လုပ်မှုများကို ပိုမိုတိုးချဲ့ရန် ဆုံးဖြတ်ချက်သည် ယူကရိန်းနှင့် ၎င်း၏ကိုယ်ပိုင်စစ်တပ်များအပါအဝင် ၎င်း၏နိုင်ငံရပ်ခြားရှိ မဟာမိတ်များ၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိယက်ဗ်တွင် အမေရိကန်နှင့် ဂျာမနီတို့မှ ထောက်ပံ့ထားသော Patriot စနစ် လေးခုထက်မနည်း လည်ပတ်နေသည်ဟု သတင်းရရှိသည်။

မေလတွင် နယ်သာလန်သည် နောက်ထပ် လေကြောင်းရန် ကာကွယ်ရေးဘက်ထရီတစ်လုံး ပေးအပ်ရန် ပူးတွဲသဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အခြားနိုင်ငံများမှ အစိတ်အပိုင်းများကို လှူဒါန်းရန် တိုက်တွန်းခဲ့သည်။

စပိန်၊ ဂရိ၊ ရိုမေးနီးယားနှင့် ပိုလန်တို့သည် Patriot စနစ်များရှိသော်လည်း ယူကရိန်းကို လှူဒါန်းရန် ငြင်းဆန်နေကြဆဲဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်း၏ Patriot ဘက်ထရီများ ဖျက်ဆီးခံရသည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် Donetsk ပြည်သူ့သမ္မတ နိုင်ငံ၌ နည်းဗျူဟာမြောက် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် US Patriot လေယာဉ်ပစ်ဒုံးစနစ် လောင်ချာသုံးစင်း ပျက်စီးသွားကြောင်း ရှေ့တန်းမှ နီးစပ်သည့် သတင်းရင်းမြစ်များက TASS သို့ ပြောကြားခဲ့သည်။ ဧပြီလတွင် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇာလန်စကီးက ရုရှားနှင့် စစ်ရေးပဋိပက္ခတွင် နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် Patriot စနစ် ၂၅ ခုကို တောင်းဆိုခဲ့သည်။

အမေရိကန်နှင့် အခြားနိုင်ငံများမှ ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများသည် ရုရှား၏ ရည်မှန်းချက်များ အောင်နိုင်ရေးကို တားဆီးနိုင်မည် မဟုတ်သော်လည်း ပဋိပက္ခကို ရှည်ကြာစေမည် ဖြစ်ကြောင်း ရုရှားက အကြိမ်ကြိမ် သတိပေးထားသည်။

လက်နက်များ ပေးအပ်ခြင်း၊ ထောက်လှမ်းရေးသတင်းများ မျှဝေခြင်းနှင့် ယူကရိန်းစစ်သားများကို လေ့ကျင့် ပေးခြင်း လုပ်ရပ်များသည် အနောက်နိုင်ငံများက ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း မော်စကိုက အလေးပေးပြောကြားခဲ့သည်။

ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့အတွက် စစ်လက်နက်အကူအညီပေးရေးအစီအစဉ်များကြောင့် အမေရိကန် ကာကွယ်ရေးကဏ္ဍသည် လက်နက်လိုအပ်ချက်ပြဿနာများကို ကြုံတွေ့နေရကြောင်း Financial Times က ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။

တင်ဇာ

#PAN