“ဂျိုးဘိုင်ဒင် ကို သမ္မတရာထူးမှ ဖြုတ်ချသင့်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌပြော”

(နိုင်ငံတကာ) ဇွန် ၃၀

  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ဒေါ်နယ်ထရမ့် နှင့် စကားစစ်ထိုးရာတွင် အရည်အချင်းမရှိအောင် ပေါ်လွင်ခဲ့သည့်အတွက် ၎င်းကို သမ္မတရာထူးမှ ဖြုတ်ချသင့်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆန် ကပြောသည်။

  အဆိုပါစကားစစ်ထိုးပွဲအပြီးမှာ ဒီမိုကရက်များအနေဖြင့် ထိတ်လန့်တုန်လှုပ်ရကြောင်းနှင့် အလှူရှင်အချို့ သည်ပင် ရွေးကောက်ပွဲအတွက် ဂျိုးဘိုင်ဒင်နေရာတွင် အခြားတစ်ဦးဖြင့် အစားထိုးရန် တောင်းဆိုမှုများ ရှိလာကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။

  “တကယ်လို့ ကျွန်တော်သာ ဒီမိုကရက်ဖြစ်ရင်လည်း ထိတ်လန့်တုန်လှုပ်မိမှာပဲ။ ပြီးတော့ သူတို့မှာ ပြဿနာကြီးတစ်ခု ရှိနေပြီဆိုတာကို သူတို့သိလောက်ပြီလို့ ကျွန်တော်ထင်ပါတယ်”လို့ မိုက်ဂျွန်ဆန် ကပြောသည်။

  ထို့ပြင် ဂျိုးဘိုင်ဒင်သည် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်သည်သာမကဘဲ ၎င်းကို ရာထူးမှ ချက်ချင်း ဖြုတ်ချသင့်ကြောင်း ရီပတ်ဘလစ်ကန်ပါတီမှ အောက်လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။

  ယခုအခြေအနေသည် နိုင်ငံရေးအရ မဟုတ်သလို ဒီမိုကရက်တစ်ပါတီအတွက်လည်းမဟုတ်ကြောင်း၊ တစ်နိုင်ငံလုံးအတွက်သာဖြစ်ကြောင်း မိုက်ဂျွန်ဆန် ကပြောထားသည်။

  အကယ်၍ အစိုးရအဖွဲ့က ဂျိုးဘိုင်ဒင်ကို ရာထူးမှဖြုတ်ချလိုပါက (၂၅)ကြိမ်မြောက် ဥပဒေပြင်ဆင်ချက်အရ ဆန္ဒမဲပေးနိုင်ကြောင်းနှင့် လက်ရှိအခြေအနေသည် အရေးပေါ်အခြေအနေဖြစ်သည့်အတွက် လူအများအပြား ကလည်း ယင်းကဲ့သို့လုပ်ဆောင်ရန် တောင်းဆိုမှုများရှိနေကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ကပြောထားသည်ဟု သိရသည်။

PAN