အဆုံးသတ်ခြေမှုန်းရေးစစ်ပွဲ” သို့ ဦးတည်သွားနိုင်ကြောင်း အစ္စရေးအား အီရန်မှ သတိပေး

(နိုင်ငံတကာ) ဇွန်လ ၂၉

အီရန်သည် လက်ဘနွန်တွင် အစ္စရေးမှ ပြုလုပ်လျှက်ရှိသော အလုံးစုံစစ်ပွဲအသွင်ဖော်ဆောင်လာသည့် စစ်ရေး ရန်စမှုများကို သတိပေးခဲ့ပြီး ၎င်းသည် “အဆုံးသတ်ချေမှုန်းရေးစစ်ပွဲ” ဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း အစ္စလာမ္မစ်သမ္မတနိုင်ငံ ကုလသမဂ္ဂမစ်ရှင်က ပြောကြားခဲ့သည်။

“တော်လှန်ရေးတပ်ပေါင်းစုအားလုံးရဲ့ အပြည့်အ၀ပါဝင်ပတ်သက်မှုအပါအဝင် ရွေးချယ်စရာအားလုံးက စားပွဲပေါ်မှာရှိပါတယ်” ဟု မစ်ရှင်က သောကြာနေ့နှောင်းပိုင်းတွင် X တွင် ပို့စ်တစ်ခု၌ ရေးသားခဲ့ပြီး ဒေသတွင်းအနှံ့ အီရန်၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။

၄င်းကလက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာများကို တိုက်ခိုက်ရန် အစ္စရေး၏ ခြိမ်းခြောက်မှုများကို “စိတ်ပိုင်းဆိုင်ရာစစ်ပွဲ” နှင့် “ဝါဒဖြန့်မှု” ဟုခေါ်လိုက်သည်။

နှစ်နိုင်ငံနယ်နိမိတ်တွင် အပြန်အလှန်ပစ်ခတ်မှုများရှိနေပြီး အောက်တိုဘာ ၇ ရက် ဂါဇာအရေးအခင်းကတည်းက ပိုမို၍ တင်းမာလာခဲ့သည်။ အလုံးစုံစစ်ပွ​ဲဖြစ်လာမည်ကိုစိုးရိမ်မှုနှင့်အတူ
အစ္စရေးသည် လက်ဘနွန်နယ်စပ်တွင် “အလွန်တင်းမာသော စစ်ဆင်ရေးတစ်ခု” အတွက် ပြင်ဆင်နေကြောင်း ဝန်ကြီး Benjamin Netanyahu က ပြောကြားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို အစ္စရေးတပ်ဖွဲ့ဝင်များက ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက စနေနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

အစ္စရေးသတင်းစာ Yedioth Ahronoth မှာတော့
“ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ စစ်လေယာဉ်တွေက Zabqin ဧရိယာမှာရှိတဲ့ အဖွဲ့အစည်းအတွက် စစ်ဘက်ဆိုင်ရာနေရာတစ်ခု၊ Khiam ဒေသမှာရှိတဲ့ စစ်ဆင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံနှစ်ခုနဲ့ al-Adissa [Odaisseh] ဧရိယာမှာရှိတဲ့ Hezbollah အဆောက်အဦတွေအပါအဝင် ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်” ဟု ​ပြောကြားထားသည်ဟု ရေးသားထားပါသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ၎င်း၏နိုင်ငံသည် ဟစ်ဇ်ဘိုလာနှင့် စစ်မဖြစ်လိုသော်လည်း ဖြစ်လာပါကလဲ အစ္စရေးတပ်မတော်ကတော့ အဆင်သင့်ပြင်ပြီးရှိနေပြီဟု ပြောကြားခဲ့သည်။

“နိုင်ငံရေးအရ အဖြေရှာဖို့ လုပ်နေတယ်။ အဲဒါက အမြဲတမ်း ပိုကောင်းတဲ့ ရွေးချယ်မှုပဲ” ဟု လက်ဘနွန်နှင့် မြောက်ဘက်နယ်စပ်အနီး အစ္စရေးတပ်ဖွဲ့များသို့ သောကြာနေ့က လာရောက်လည်ပတ်စဉ် Gallant က ပြောကြားခဲ့သည်။

အစ္စရေးသည် “အခြေအနေတိုင်းအတွက် ပြင်ဆင်နေသည်” ဟု အမေရိကန်တွင် ယခုသီတင်းပတ်တွင် Gallant က ထပ်မံပြောကြားခဲ့သေးသည်။

စစ်ပွဲတစ်ခုစတင်ပါက လက်ဘနွန်တွင် ကြီးမားသောပျက်စီးဆုံးရှုံးမှုများရှိလာနိုင်ကြောင်းကို ဟစ်ဇ်ဘိုလာမှ ကောင်းစွာနားလည်ကြောင်း ၎င်းက ဝါရှင်တန်ဒီစီတွင် ပြောကြားခဲ့သည်။

Hezbollah အကြီးအကဲ Hassan Nasrallah က လက်ဘနွန်ကို အစ္စရေးက ကြီးကြီးမားမား ထိုးစစ်ဆင်လာတဲ့အခါ “အချုပ်အနှောင်မရှိ၊ စည်းမျဥ်းစည်းကမ်းမရှိ၊ အကန့်အသတ်မရှိ” ပဲစစ်ပွဲကိုတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။

ထိုသို့တင်းမာမှုများမြင့်တက်နေစဥ်တွင်
ဂျာမနီ၊ ကနေဒါ၊ နယ်သာလန်နှင့် အမေရိကန်တို့ အပါအဝင် နိုင်ငံအများအပြားသည် ၎င်းတို့၏ နိုင်ငံသားများကို လက်ဘနွန်သို့ ခရီးသွားခြင်း သို့မဟုတ် ထွက်ခွာရန် သို့မဟုတ် ရှောင်ရှားရန် တိုက်တွန်းထားသည်။

ဇွဲ (Hydro)

#PAN