(ဆောင်းပါး)
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်တွေရဲ့ တော်လှန်ပုန်ကန်မှု တွေနဲ့အတူ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ယနေ့တိုင် ဆင်နွှဲနေရပါတယ်။
ဒုတိယ ကမ္ဘာစစ်ဟာ မြန်မာနိုင်ငံမှာ မပြီးဆုံးသေးဘူးလို့သတ်မှတ်ကြပြီး အာရှဒေသ စစ်အေးတိုက်ပွဲ လက်ကျန်လို့လည်း တင်စားကြပါတယ်။
တစ်နည်းအားဖြင့် ဒုတိယကမ္ဘာစစ် မြန်မာပြည်၌ ဆုံးခန်းတိုင်ခြင်း မရှိသေးပေ။
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်၊ မတ်လကတည်းက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်က အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ဗကပလို လက်နက်ကိုင် အဖွဲ့တွေက စတင်လိုက်တဲ့ ပြည်တွင်းစစ်ဟာ ယနေ့ထိတိုင် အစဉ်အဆက်နဲ့ အမျိုးမျိုးသော လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များကို ပေါက်ဖွားလာစေခဲ့ပါတယ်။
ဒီလိုလက်နက်ကိုင်တွေ စဉ်ဆက်မပြတ် ကြီးထွားတိုးပွားလာခြင်းဟာလည်း နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ် ထောက်ပံ့ပေးနေတဲ့ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်ဆိုတာ ကလေးကအစ အကုန်သိကြပါတယ်။
စာရေးသူအနေနဲ့ ဒီဆောင်းပါးမှာ ပြည်တွင်းစစ်ရဲ့ အဓိပ္ပာယ်၊ ပြည်တွင်းစစ်ဖြစ်ပွားရခြင်း အကြောင်းအရင်းတွေကို ဗဟုသုတရဖွယ်အနေနဲ့ ဝေမျှပေးလိုပြီး မြန်မာ့ပြည်တွင်းစစ်ရဲ့ ပြည်သူတွေ အပေါ် သက်ရောက်မှုတွေကိုလည်း သုံးသပ်သွားပါမယ်။
ပြည်တွင်းစစ်ဆိုတဲ့ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်ရာ ပြည်တွင်းစစ် (Civil War) ဆိုတာ “ဗဟို သို့မဟုတ် ဒေသတစ်ခုတွင် အာဏာရယူရန်၊ သို့မဟုတ် အစိုးရ၏ မူဝါဒများကို ပြောင်းလဲရန်ရည်ရွယ်၍ ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့များက အာဏာရအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော ပြည်တွင်းပဋိပက္ခများ” ဖြစ်ပါတယ်။
အကြမ်းဖက်မှု (Terrorism) နဲ့ ပြည်တွင်းစစ်အကြား ခွဲခြားသိရှိဖို့အတွက် ပြည်တွင်းစစ်များ၏ ပြင်းထန်မှု (Violence) အတိုင်းအတာကို ယနေ့အထိရှင်းရှင်းလင်းလင်း သတ်မှတ်နိုင်ခြင်း မရှိသေးပါ။
ပညာရှင်အချို့ကတော့ စံသတ်မှတ်ချက် (၂) ခုအသုံးပြုပြီး ပြည်တွင်းစစ်ကို တိုင်းတာ သတ်မှတ်ထားကြပါတယ်။
ပထမစံနှုန်းအရ စစ်မက်ဖြစ်ပွားနေတဲ့ အုပ်စုများမှာ တစ်နိုင်ငံတည်းမှ ဖြစ်ရမည်၊ နိုင်ငံရေးအာဏာ သို့မဟုတ် ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်ခြင်း၊ သို့မဟုတ် မူဝါဒပိုင်း ဆိုင်ရာ ကြီးမားသောအပြောင်းအလဲကို တွန်းအားပေးရန်အတွက် တိုက်ခိုက်ခြင်းဖြစ်ရမည်ဟူ၍ ဖြစ်ပါတယ်။
၎င်းတို့၏ ဒုတိယစံအရ တစ်ဖက်လျှင် လူအယောက် ၁၀၀ ဖြင့် အနည်းဆုံး လူဦးရေစုစုပေါင်း ၁,၀၀၀ ခန့် သေဆုံးတဲ့ စစ်ပွဲများဖြစ်ရမည်ဟူ၍ သတ်မှတ်ထားပါတယ်။
မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းစစ်များသည် တူညီသော ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်း သို့မဟုတ် လူမျိုးစုများအကြား အချင်းအချင်းအပြန်အလှန် တိုက်ခိုက်သည့် စစ်ပွဲများဖြစ်ပါတယ်။
အချို့သော ပြည်တွင်းစစ်များတွင်မူ လူမှု့ဖွဲ့စည်းပုံအား ကြီးကြီးမားမား အပြောင်းအလဲများ ဖြစ်စေခဲ့တဲ့ ရလဒ်များဖြစ်ပေါ်လာနိုင်ခြေရှိတဲ့အတွက် ၎င်းတို့ကိုမူ တော်လှန်ရေး (Revolution) အမျိုးအစား တွင် ထည့်သွင်းသတ်မှတ်တတ်ကြပါတယ်။
တော်လှန်ပုန်ကန်မှုများမှာ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လက်နက်ကိုင်အစုအဖွဲ့များက သမားရိုးကျတိုက်ပွဲများ (Conventional battles) အတိုင်း လက်နက်စွဲကိုင်တိုက်ခိုက်မှုများပြုလုပ်ပါက ၎င်းတို့အား ပြည်တွင်းစစ်အဖြစ် သတ်မှတ်ကြပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားစေတဲ့ အကြောင်းရင်းခံများ
ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် လူမျိုးစုများ၊ ဘာသာရေးဂိုဏ်းဂဏ္ဍပေါင်းစုံနှင့် အယူဝါဒ ကွဲပြားမှုများ ရှိတတ်ကြသော်လည်း ထိုကွဲပြားမှုအားလုံးသည် ပြည်တွင်းစစ်ဖြစ်ပွားရန် ဦးတည်မနေပါ။
ယနေ့ခေတ်တွင် ပြည်တွင်းစစ်အများစုကို ဆင်းရဲနွမ်းပါးသောနိုင်ငံများ၊ သက်ဦးဆံပိုင်စနစ် ကျင့်သုံးသောနိုင်ငံများနဲ့ ဒေသန္တရပိုင်းခြားသတ်မှတ်ခံရတဲ့နိုင်ငံများတွင် တွေ့ရလေ့ရှိပါတယ်။
အချို့သီအိုရီများအရ ပြည်တွင်းစစ်များသည် အပြောင်းအလဲနဲ့ အသွင်ကူးပြောင်းမှုများအပေါ် မူတည်၍ပေါ်ပေါက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်တွင် တောင်ပိုင်းနှင့်နှိုင်းစာလျှင် မြောက်ပိုင်း၏စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ခြင်း၊ လက်ဘနွန်နိုင်ငံတွင် ရှီယိုက်လူမျိုးပေါက်ပွားမှု များပြားလာခြင်းကြောင့် လူဦးရေမျှခြေမညီမမျှ ဖြစ်ကာ ပြည်တွင်းစစ်ဖြစ်ပွားခြင်းနှင့် သူကောင်းမျိုးကြီးစိုးသည့်ဝါဒ (Aristocracy) ကျင့်သုံး ခြင်းကြောင့် အင်္ဂလန်တွင် လူလတ်တန်းစားနှင့် ကုန်သည်များက တန်ခိုးထွားလာကာ ပြည်တွင်း စစ်ဖြစ်ပွားခြင်းတို့ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအတွင်း သယံဇာတနဲ့ ဓနဥစ္စာများအတွက် ယှဉ်ပြိုင်မှုများကို ပြည်တွင်းစစ် ဖြစ်စေသည့် အကြောင်းအရင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသော်လည်း စီးပွားရေးအမြတ် အစွန်းများသည် ၎င်းစစ်ပွဲအတွင်းပါဝင်ပတ်သက်သူများ၏ အဓိကရည်မှန်းချက် မဟုတ်ခဲ့ပါ။
မာ့စ်ဝါဒီသမိုင်းပညာရှင်များကမူ ပြည်တွင်းစစ်သည် အင်ပါယာချဲ့ထွင်သူများက လူအများအား စည်းရုံးသိမ်းသွင်းရန် အမျိုးသားရေးဝါဒနဲ့ ဘာသာရေးကို လက်နက်သဖွယ် အသုံးချကာ အာဏာလုကြတဲ့တိုက်ပွဲများအဖြစ် မှတ်ချက်ပြုကြပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားရတဲ့အကြောင်းအရင်းများသာမက ပြည်တွင်းစစ်များ အဓွန့်ရှည် နေခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်ပါတယ်။
အထူးသဖြင့် ပြည်တွင်းစစ်များစွာမှာ အစဉ်အမြဲ ပြင်းထန်နေခဲ့ပြီး ဆယ်စုနှစ်များစွာတိုင်အောင် ကြာမြင့်နေတတ်ပါတယ်။ ဥပမာ- ကျွန်ုပ်တို့ နိုင်ငံလိုပေါ့။ အဓိကအကြောင်းရင်းတစ်ခုကတော့ ပြင်ပအင်အားကြီးများက ၎င်းတို့နှင့် ပနံသင့်တဲ့ လက်နက်ကိုင်အဖွဲ့များကို အထောက်အပံ့ပေးခြင်းဖြင့် စစ်ပွဲများကို ကြာရှည်အောင် ဖန်တီး နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ထို့ကြောင့်လည်း မကြာခဏဆိုသလို ပြည်တွင်းစစ်များမှာ ကြားခံ စစ်ပွဲများ (Proxy Wars) အသွင်ကူးပြောင်းလာပြီး အကြမ်းဖက်မှုများကို ပိုမိုဦးတည်လာစေခဲ့ ပါတယ်။
လက်နက်ကိုင်များရဲ့ စဉ်ဆက်မပြတ်ခြိမ်းခြောက်မှုများနဲ့ မြန်မာ့နိုင်ငံရေး
အရေးပေါ်ကာလကြေညာပြီးကတည်းက နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး လက်နက်ကိုင်အဖွဲ့အသစ်တွေ ပေါ်ပေါက်လာသလို ရှိပြီးသားလက်နက်ကိုင်တွေကလည်း ထကြွလို့လာပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသတစ်လျှောက်တိုက်ပွဲများ ပြင်းထန်လို့ နေပါတယ်။ တိုင်းရင်းသားလူမျိုးစုကွဲတွေ အလွန်များတဲ့ ကျွန်ုပ်တို့နိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို ထိန်းချုပ်ဖို့ကလည်း အစိုးရအစဉ်အဆက် ရင်ဆိုင်နေရတဲ့ပြဿနာ ဖြစ်နေပါတယ်။
အကြောင်းကတော့ ကိုလိုနီလက်အောက်ကျချိန်တုန်းက နယ်ချဲ့တွေရဲ့ သွေးခွဲ အုပ်ချုပ်မှုတွေက အစလို့ပြောရပါမယ်။
ဒါကြောင့် လွတ်လပ်ရေးရပြီးတော့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆူပူသောင်းကျန်းမှုတွေက နယ်ချဲ့တွေရဲ့ ဆိုးမွေအဖြစ် ကျန်ခဲ့တာ ဖြစ်ပါတယ်။
ခုချိန်ထိတိုင်အောင်လည်း ကိုလိုနီလက်သစ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေရှိနေတာ ကြောင့် မြန်မာ့နိုင်ငံရေးဟာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပါတယ်။
အထူးသဖြင့် အမေရိကန်လို အင်အားကြီးနိုင်ငံတွေက Burma Act လိုမျိုး ဥပဒေတွေပြဋ္ဌာန်းပြီး တိုင်းရင်းသားလက်နက်ကိုင် တွေအပြင် အကြမ်းဖက်အဖွဲ့အစည်းအချို့ကိုပါ အထောက်အပံ့တွေပေးနေခြင်းကြောင့် မြန်မာ့ ပြည်တွင်းစစ်က ဆက်လက်လောင်မြိုက်နေတာဖြစ်ပါတယ်။
အဲ့ဒီလို နိုင်ငံခြားတိုင်းပြည်တွေရဲ့ စစ်လက်နက်နဲ့ ငွေကြေးအထောက်အပံ့တွေကို မက်မောလို့လည်း အချို့လက်နက်ကိုင်တွေဟာ ဆိုရင် မူလက ၎င်းတို့လက်နက်စွဲကိုင်တော်လှန်ရခြင်း ရည်ရွယ်ချက်တွေကို မေ့လျော့ပြီး ကိုယ့် အကျိုးစီးပွားကိုသာ ရှေ့တန်းတင်လာကြတာတွေ့ရပါတယ်။
ဒါ့ကြောင့်လည်း အချို့လက်နက် ကိုင်အဖွဲ့တွေဟာ ဒေသခံပြည်သူတွေရဲ့မျက်နှာကို ထောက်ရှုခြင်းမရှိတော့ဘဲ နိုင်ငံခြား အထောက်အပံ့တွေရဖို့အတွက် စစ်မီးမွှေးပြီး မငြိမ်းချမ်းအောင် တမင်ဖန်တီးလာပါတယ်။
ကနဦးကတော့ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် လက်နက်ကိုင်ကြပေမယ့် ဒေသကရရှိလာတဲ့ သယံဇာတအကျိုးအမြတ်တွေနဲ့ အခြားစီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်ခြယ်လှယ်ချင်လာတာကြောင့် ၎င်းတို့အချင်းချင်းကြားပင် တိုက်ပွဲများဖြစ်သည် အထိ မတော်မတရားတွေ ဖြစ်လာပါတယ်။
ယခုအခါ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက ပိုမိုရှုပ်ထွေးလာပါတယ်။ ၂၀၂၁ ခုနှစ်မတိုင်ခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၄ ဖွဲ့လောက် အထိရှိခဲ့ရာက အခုဆိုရင် အကြမ်းဖက်အဖွဲ့အစည်းတွေကပါ အစိုးရရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်လာပါတယ်။
အခုဆိုရင် သာမန်ပြည်တွင်းစစ်သာသာမဟုတ်တော့ဘဲ လက်နက် ကိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို တောရောမြို့ပါမကျန် ဆောင်ရွက်လာကြပါတယ်။
အဓိကထိခိုက်နစ်နာသူများ သို့မဟုတ် ပြည်သူ
ပြည်တွင်းစစ်တွေ အမြန်အဆုံးသတ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းစေလိုတဲ့ ဆန္ဒကတော့ ပြည်သူတွေရဲ့ အဓိကလိုအင်လို့ပဲ ယူဆမိပါတယ်။
တကယ့်တကယ် စစ်ဖြစ်ရင် အထိနာဆုံး၊ ဆုံးရှုံးမှုအများဆုံးကတော့ လက်နက်မရှိတဲ့ပြည်သူတွေပဲ ဖြစ်ပါတယ်။ အခုဆိုရင် စစ်ရဲ့ဒဏ် ကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုဟာ နေ့စဉ်နှင့်အမျှ မြင့်မား လို့လာပါတယ်။
ဒါ့အပြင် အခြေခံအဆောက်အဦတွေကို ဖျက်ဆီးခြင်းကဲ့သို့ အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့နေ့စဉ်လူနေမှုဘဝမှာ သာမက စီးပွားရေးကိုပါ အကြီးအကျယ်ထိခိုက်လာစေပါတယ်။
လမ်းတွေ၊ တံတားတွေ မိုင်းခွဲ ခံရလို့ လမ်းပန်းဆက်သွယ်ရေးတွေမကောင်း၊ ကုန်စည်တွေ စီးဆင်းဖို့ကြန့်ကြာလာပြီး စီးပွားရေး လုပ်ငန်းတွေကောင်းစွာမလည်ပတ်နိုင်။ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ အစိုးရအနေနဲ့ ပြည်သူတွေထံ ဓာတ်အားတွေ လောက်လောက်ငှငှ မဖြန့်ဖြူးနိုင်။
ကျောင်းတွေ၊ ဆေးရုံတွေ ဖျက်ဆီးခံရလို့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတို့မှာလည်း ဖရိုဖရဲ။ လက်နက် ကိုင်တွေက အစိုးရကို တိုက်ခိုက်ဖို့အတွက် ဒီလိုအဖျက်အမှောင့်တွေကို လုပ်တယ်ဆိုသော်ငြား အမှန်တကယ် ထိခိုက်နစ်နာသူကတော့ ပြည်သူပါပဲ။
အခုဆိုရင် ဒေသတော်တော်များများမှာ နယ်မြေငြိမ်းချမ်းမှုမရှိဘဲ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူ ၂ ဒသမ ၆ သန်းလောက်က နေရပ်စွန့်ခွာပြီး စစ်ရှောင်နေကြရပါတယ်။
ဒါတွေအားလုံးဟာ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်တွေပါပဲ။ ပြည်တွင်းစစ်ရဲ့ ဆိုးမွေတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဟန့်အတားတွေပါပဲ။ ဘယ်လောက်ပဲ စီမံချက်တွေချပြီး နိုင်ငံဖွံ့ဖြိုးအောင်လုပ်လုပ်၊ လက်နက်ကိုင်တွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ဒါတွေက အရာမရောက်နိုင်ဘဲ ရှေ့ဆက်ဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီလောက်အထိ သက်ဆိုးရှည်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မှသာ ကျန်တဲ့ စီးပွားရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးစကား ဝိုင်းဆီ ဆွဲခေါ်လို့ရမယ့် အဖွဲ့တွေကို ဆွဲခေါ်၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို မလိုလားတဲ့ အဖွဲ့တွေ အတွက်ကတော့ ချေမှုန်းသင့်တာကို ချေမှုန်းခြင်းဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အမြန်ဆုံးလုပ်ဖို့လိုအပ်နေပါပြီ။
သို့မှသာ ပြည်သူတွေရဲ့ နေ့စဉ်ရက်ဆက် အိပ်မက်ဆိုးတွေ လွန်မြောက်နိုင်ပြီး တိုင်းပြည်အနေနဲ့လည်း ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
တင်ဇာ
ကိုးကား
https://www.foreignaffairs.com/articles/iraq/2007-03-01/iraqs-civil-war
https://www.newworldencyclopedia.org/entry/Civil_war
#PAN