အီးယူနှင့် ယူကရိန်းတို့အကြား လုံခြုံရေးသဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုး

(နိုင်ငံတကာ)ဇွန် ၂၈

ယူကရိန်းသည် ဥရောပသမဂ္ဂနှင့် လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုထားပြီး လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားတို့နှင့်လည်း နှစ်နိုင်ငံသဘောတူစာချုပ်များကို လက်မှတ် ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ အီးယူသည် ကိယက်ဗ်ကို စစ်ရေးအရ ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ယူကရိန်းသည် ၂၀၂၃ ခုနှစ်ကတည်းက ယူကရိန်း၊ ပြင်သစ်နှင့် ဂျာမနီတို့အပါအဝင် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံ များနှင့်အတူ ယင်းသဘောတူညီချက်ကို ချုပ်ဆိုခဲ့သည်။ သို့သော် ၎င်းစာရွက်စာတမ်းများအရ  လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် ရုရှား-ယူကရိန်းပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင် ပတ်သက်မည်ဟု ကတိပြုထားခြင်းမရှိပါ။

အီးယူ-ယူကရိန်း သဘောတူညီချက်တွင် ပါဝင်သော အကြောင်းအရာများကို လူသိရှင်ကြား မထုတ်ပြန်သေးသော်လည်း လက်နက်များပို့ဆောင်ရေးနှင့် ယူကရိန်းစစ်တပ်အား လေ့ကျင့် ပေးရေးတို့အပါအဝင် လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒ နယ်ပယ်ကိုးခုတွင် ကိယက်ဗ်အား အကူအညီပေးရန် နေတိုးမှ ကတိကဝတ်ပြုခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

သို့သော် ၎င်းသဘောတူညီချက်နှင့်ပတ်သက်၍ “အနာဂတ်တွင် ရန်လိုသည့်ဖြစ်ရပ်များ” ပေါ်ပေါက်လာပါက အီးယူသည် ၂၄ နာရီအတွင်း ယူကရိန်းနှင့် ညှိနှိုင်းဆွေးနွေးမည်ဟု ကတိပြု ထားကြောင်း သိရသည်။

အမေရိကန်နှင့် ယူကရိန်းတို့သည် ယခုလအစောပိုင်းတွင် ၁၀ နှစ်သက်တမ်းရှိ လုံခြုံရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်တွင် ဝါရှင်တန်က ယနေ့ဖြစ်ပွား လျက်ရှိသောစစ်ပွဲကို အနိုင်ရရန်နှင့် အနာဂတ် ရုရှားစစ်တပ်၏ ရန်လိုမှုများကို ဟန့်တားရန် ယူကရိန်း၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးသွားမည်ဟု ကတိပြုထားသည်။ ယူကရိန်းသမ္မတ ဇာလန်စကီးက ၎င်းစာချုပ်သည် အမေရိကန်-ယူကရိန်း ဆက်ဆံရေးအား “စစ်မှန်သော မဟာမိတ်အဆင့်သို့ တိုးမြှင့်ခြင်း” ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

ပဋိပက္ခလမ်းကြောင်းကို မပြောင်းလဲနိုင်သော်လည်း ယူကရိန်းသို့ အနောက်နိုင်ငံများမှ လက်နက်များ ဆက်လက်ပေးပို့ခြင်းသည် နေတိုးနှင့် ရုရှားတို့ကြား တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်မှုကို ဖြစ်စေနိုင်သည်ဟု ကရင်မလင်နန်းတော်က အကြိမ်ကြိမ် သတိပေးထားသည်။  အနောက်နိုင်ငံများအနေဖြင့် ကိယက်ဗ်ကို လုံခြုံရေးအာမခံချက်ပေးခြင်းသည် ဥရောပကို လုံခြုံမှု နည်းပါးစေသည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြောကြားခဲ့သည်။

တင်ဇာ