“ယူရီးယားမြေဩဇာ ရန်ကုန်ရည်ညွှန်းဈေး ထုတ်ပြန်”

(စီးပွားရေး) ဇွန် ၂၈

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ တောင်သူတွေ အဓိက သုံးစွဲနေတဲ့ မြေဩဇာ ၄ မျိုးရဲ့ ရန်ကုန်အထိုင်ရည်ညွှန်းဈေးတွေကို မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နဲ့စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

သတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးတွေကတော့ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလို တစ်အိတ်ကို ကျပ် ၇၃,၀၀၀ ၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၀၀,၀၀၀၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၁၅,၀၀၀၊ Complex ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို ကျပ် ၁၂၂,၀၀၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

အဆိုပါ ဈေးနှုန်းတွေဟာ ရန်ကုန်အထိုင်ဈေးဖြစ်တဲ့အတွက် ဒေသအလိုက် သယ်ယူပို့ဆောင်မှုစရိတ်တွေ အပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်အပြောင်းအလဲဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရည်ညွှန်းဈေးတွေအတိုင်း ရောင်းချမှုမရှိဘူးဆိုရင် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းတို့ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထုတ်ပြန် ထားပါတယ်။

#PAN