ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းနှင့် ဖမ်းဆီးရန်ကြိုးပမ်းသည့်လုပ်ရပ်များသည် စစ်ပွဲကို ဦးတည် စေသည့် အကြောင်းအရင်းများဖြစ်နိုင်ကြောင်း ရုရှားသမ္မတဟောင်းပြော

(နိုင်ငံတကာ) ဇွန် ၂၈

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ကျင့်သုံးနေသော ပိုင်ဆိုင်မှုများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ခြင်းသည် ရန်လိုမှုနှင့် စစ်ဖြစ်စေဖို့ အကြောင်းအရင်းများကို ဖန်တီးနေသည်ဟု ယူဆနိုင်ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်က ပြောကြားခဲ့သည်။

ရုရှားလုံခြုံရေး ကောင်စီ၏ လက်ထောက်ဥက္ကဌအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသည့် မက်ဗီဒက်သည် ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်) တွင် စိန့်ပီတာစဘတ် နိုင်ငံတကာဥပဒေရေးရာဖိုရမ် (SPILF) ၌ မိန့်ခွန်းပြောခဲ့သည်။

၎င်းသည် နိုင်ငံတကာဥပဒေနှင့် အနောက်နိုင်ငံတို့ ကြီးစိုးခြယ်လှယ် နေသည့် ‘စည်းမျဉ်းဥပဒေအခြေခံသော ကမ္ဘာ့အခင်းအကျင်း’ တို့အကြား လတ်တလောပွတ်တိုက် မှုများကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံပိုင်ပစ္စည်းများကို သိမ်းယူခြင်းနှင့် ပိတ်ဆို့ထားခြင်း လုပ်ရပ်များသည် ရန်လိုသည့် လုပ်ရပ်တစ်ခုအဖြစ်မှတ်ယူနိုင်ပြီး အချို့သောအခြေအနေများတွင် စစ်အတွင်း တရားမျှတသော လုပ်ရပ်အဖြစ် (casus belli) အသုံးပြုနေကြသည်” ဟု မက်ဗီဒက်မှ SPILF မျက်နှာစုံညီ အစည်းအဝေးတွင် လက်တင်အသုံးအနှုန်းကိုအသုံးပြု၍ ပြောကြားခဲ့သည်။

“အမေရိကန်၏ လွှမ်းမိုးချုပ်ကိုင်မှုများဖြင့် အခြေခံထားသည့် ကမ္ဘာ့ အခင်းအကျင်းတွင် ရုရှားမတိုင်ခင်ကတည်းက အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလားနဲ့ အီရန်နိုင်ငံတို့ရဲ့ ဘဏ္ဍာငွေတွေကို အမေရိကန်တို့က သိမ်းယူခဲ့ ဖူးကြောင်း” မက်ဗီဒက်က မှတ်ချက်ပြုသည်။

အမေရိကန်နှင့် အီးယူတို့သည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်သည်ဟု စွပ်စွဲကာ ရုရှား၏ ပိုင်ဆိုင်မှု ဒေါ်လာ ၃၀၀ ဘီလီယံခန့်ကို တရားမဝင် ပိတ်ဆို့ထားခဲ့သည်။ အီးယူသည် ကိယက်ဗ်နှင့် အမေရိကန်တို့၏ ဆန္ဒအတိုင်း ရုရှား၏ ပိုင်ဆိုင်မှုများကို ပြတ်ပြတ်သားသား သိမ်းယူခြင်းမပြုခဲ့သော်လည်း ၎င်းမှရရှိလာသော အတိုးနှုန်းများကို ယူကရိန်းသို့ လွှဲပြောင်းပေးရန် သဘောတူခဲ့သည်။

မက်ဗီဒက်၏ အဆိုအရ ယင်းလုပ်ရပ်သည် နိုင်ငံတကာနှင့် ၎င်းတို့၏ ပြည်တွင်းဥပဒေနှစ်ခုလုံးကို လုံးလုံးလျားလျား ချိုးဖောက်မှုဖြစ်ပြီး နိုင်ငံတော်ပိုင်ဆိုင်မှုသည် အချုပ်အခြာအာဏာအရ ကင်းလွတ်ခွင့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

အလားတူ မူဝါဒသည် ပြည်သူ့ခေါင်းဆောင် များအတွက် အကျုံးဝင်သော်လည်း အနောက်နိုင်ငံများက ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ကာကွယ်ရေးဝန်ကြီးဟောင်း Sergey Shoigu နှင့် စစ်ဦးစီးချုပ် Valery Gerasimov တို့ကို စစ်ရာဇဝတ်မှုများဖြင့် စွဲချက်တင်ရန် ကြိုးပမ်းနေသည်။

ထို့ပြင် မော်စကိုသည် ICC တရားရုံး၏ အဖွဲ့ဝင်မဟုတ်သောကြောင့် ရုရှားအရာရှိများအပေါ် ICC ၏ စီရင်ပိုင်ခွင့်အာဏာသက်ရောက်ရန် ကြိုးပမ်းမှုများသည် မော်စကိုအား တမင်သက်သက် စစ်ကြေညာသလိုဖြစ်နေပြီး မော်စကို၏ ခုခံကာကွယ်ပိုင်ခွင့်ကို ထိပါးနေသည်ဟု မက်ဗီဒက်က ဆိုသည်။

ထို့ပြင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ကျင့်သုံးသော စီးပွားရေး ပိတ်ဆို့မှု များသည် စစ်ပွဲဆီသို့ တွန်းပို့နေပြီး နိုင်ငံတကာ ဥပဒေနှင့်အညီ ခုခံကာကွယ်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ပိတ်ဆို့ဒဏ်ခတ်မှု ခံရသည့် နိုင်ငံများသည် ၎င်းတို့အပေါ် ကန့်သတ်ချက်များ ချမှတ်ထားသည့် နိုင်ငံများအပေါ် “စုပေါင်းကာကွယ်ရေး” ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် အတူတကွ ပူးပေါင်း သင့်သည်ဟု မက်ဗီဒက်က ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ညှိနှိုင်းမှုများအတွက် ကြိုတင်သတ်မှတ်ချက်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးရန် သာမက နစ်နာမှုအားလုံးအတွက် လျော်ကြေးပေးရန်လည်း တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တင်ဇာ