ထိုင်းကနေ မြဝတီဘက်ကို မြေအောက်က တရားမဝင်ဆက်သွယ်ထားတဲ့ အင်တာနက် ကေဘယ်ကြိုးတွေကို ထိုင်းအာဏာပိုင်တွေဖြတ်တောက်

(နိုင်ငံတကာ) ဇွန် ၂၈

မြန်မာ – ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်အတွင်းက မဲဆောက်မြို့နယ်၊ ဖိုးဖမြို့နယ်နဲ့ မယ်လမတ်မြို့နယ်တွေကနေ မြဝတီဘက်ကို တရားမဝင်မြေအောက်လမ်းကနေဆက်သွယ်ထားတဲ့ အင်တာနက်‌ ကေဘယ်ကြိုးတွေကို ထိုင်းအာဏာပိုင်တွေက ဖြတ်တောက်လိုက်ပါတယ်။

တာ့က်ခရိုင်ရဲတပ်ဖွဲ့ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ထိုင်း-မြန်မာ နယ်စပ်၊ တာ့က်ခရိုင်အတွင်းကနေ မြန်မာနိုင်ငံ၊ မြဝတီခရိုင်ဘက်ကို တရားမဝင် မြေအောက် လမ်းကနေ အင်တာနက် ကေဘယ်ကြိုးတွေ ဆက်သွယ်ထားတယ်လို့ ယူဆရတဲ့နေရာ (၅) ခုကို ဒီကနေ့ ဇွန်လ ၂၈ ရက် မနက်ပိုင်းက သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

နေရာ (၅) ခုအနက်က (၃) နေရာမှာ မြေအောက်ကနေ မြဝတီခရိုင်ဘက်ကို ဆက်သွယ်ထားတဲ့ အင်တာနက် ကေဘယ်ကြိုးတွေနဲ့အတူဆက်စပ်ပစ္စည်းတွေကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့တာကြောင့် ဆက်သွယ်ထားတဲ့ ကေဘယ်ကြိုးတွေဖြတ်တောက်ကာ ဆက်စပ်ပစ္စည်းတွေကို ရဲ တပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ရဲမှူးကြီး စမ်မလစ် အေကမွန်ကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်တဲ့သူတွေကို ဖမ်းဆီးရမိနိုင်‌ဖို့အတွက် တာ့က်ခရိုင်ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

#PAN