“ကွင်းအမည်မူပိုင်ခွင့်ကို ရောင်းချရန်စဉ်းစားနေတဲ့ မန်ယူအသင်း”

(အားကစား) ဇွန် ၂၈

မန်ယူအသင်းတာဝန်ရှိသူများက အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြင်ဆင်တည်ဆောက်ပြီး ကွင်းအမည်မူပိုင်ခွင့် ရောင်းချရန် စဉ်းစားနေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းကို အမေရိကန်လုပ်ငန်းရှင်များဖြစ်တဲ့ ဂလေဇာမိသားစုက အဓိကပိုင်ဆိုင် ထားပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းမှာ ဗြိတိန်သူဌေး ဆာဂျင်ရက်ကလစ်ဖ် က ၎င်းတို့ထံမှ ရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဆာဂျင်ရက်ကလစ်ဖ် က မန်ယူအသင်းရဲ့ ဘောလုံးရေးရာကိစ္စရပ်များကို စီမံဆောင်ရွက်ခွင့် ရရှိလာခဲ့ပြီး ၎င်းက အသင်းရဲ့ဝင်ငွေ တိုးတက်လာစေရေးအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြင်ဆင်တည်ဆောက် ခြင်း သို့မဟုတ် ကွင်းသစ်တည်ဆောက်ခြင်း ပြုလုပ်ရန် ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယင်းကဲ့သို့ ပြင်ဆင်တည်ဆောက်ခြင်း ပြုလုပ်ပြီးပါက ကွင်းအမည်မူပိုင်ခွင့် ရောင်းချရန်လည်း စဉ်းစားနေကြောင်း သိရပါတယ်။

ဘောလုံးလောကမှာ ယင်းကဲ့သို့ ကွင်းအမည်မူပိုင်ခွင့် ရောင်းချမှုများ ပြုလုပ်လေ့ ရှိပြီး ဆာဂျင်ရက်ကလစ်ဖ် က အဆိုပါရောင်းချမှုမှ ပေါင်သန်းပေါင်းများစွာ ရရှိရန် မျှော်လင့်နေကြောင်း သိရပါတယ်။

မန်ယူအသင်းက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရှိတဲ့အတွက် ဝင်ငွေလျော့ကျခဲ့တာကြောင့် ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ ငွေကြေးသုံးစွဲမှုများစွာ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သိရပါတယ်။

#PAN