အမိမြေမှသားကောင်းများသည် .. ချီတက်ခဲ့ပါပြီ


(မင်းထက်ကျော်ဇော်)
ဆောင်းပါး

“ယခုအခါ ထောင်ထား ထကြွသူများအရေးကြောင့် နိုင်ငံတော်သည် လူမမာကဲ့သို့ အင်အားနည်းပါးနေပါသည်” ဆိုသည့် စကားကို ၁၉၈၈ ခုနှစ် နောက်ပိုင်း မွေးဖွားပြီး နဝတ၊ နယက ခေတ်မှာ အရွယ်ရောက်လာကြသည့် လူအတော်များများ သူ့ကျွန်မခံပြီဆိုသည့် ဇာတ်လမ်းထဲမှာ ကြားဖူးကြမည် ထင်ပါသည်။

၎င်းဇာတ်လမ်းသည် မြန်မာတွေ ထီးကျိုးစည်ပေါက် ကျွန်သပေါက်ဘဝကို ရောက်ရှိခဲ့သည့် ဖြစ်စဉ်များအား သမိုင်းနှင့်အနီးစပ်ဆုံးတူညီစေရန် ဇာတ်လမ်းဖွဲ့ရိုက်ကူးထားခြင်းဖြစ်သဖြင့် ယခုတိုင် ပြန်ကြည့်လိုက်တိုင်းမှာ စိတ်မကောင်းခြင်းများစွာဖြစ်ရပါသည်။

ထိုခေတ် ထိုကာလများက နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်လိုသည့် ကိုလိုနီနယ်ချဲ့ နိုင်ငံများသည် သူတို့ကိုယ်တိုင် စစ်ခင်းကာ တိုက်ခိုက်ကြရသည်။ ခေတ်ကာလတွေ ရွေ့လျားလာသည်နှင့်အမျှ ထိုနည်း ဗျူဟာထက်ကောင်းသည့် နည်းဗျူဟာဖြစ်သည့် Proxy War ဆိုသည့် အခြေအနေကို ဖန်တီးပြီး မိမိတို့ သိမ်းပိုက်ချင်သည့်၊ သိမ်းပိုက်လိုသည့်၊ မလိုလားသည့် နိုင်ငံ၏ အခြေအနေကို ရှုပ်ထွေးအောင်လုပ်ရန် ဆောင်ရွက်လာကြသည်ကား ယနေ့ခေတ်၏ ပကတိအနေအထားဖြစ်သည်။
ယနေ့ ၂၁ ရာစုသည် သတင်းစီးဆင်းမှုနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများဖြင့် အရှိန်အဟုန်နှင့်စီးဆင်းနေကြသလို နိုင်ငံကြီးတွေ၏ နိုင်ငံငယ်တွေ အပေါ်ကို ဩဇာ အာဏာသက်ရောက်ရန် ကြိုးစားလာကြသည်မှာလည်း အပြိုင်း အယိုင်းပင်။ မိမိတို့ နိုင်ငံသည် အရှေ့တောင်အာရှတွင် ပထဝီအနေအထားအရ အချက်အချာကျသော နိုင်ငံဖြစ်သဖြင့် အာရှတိုက်ကို အုပ်စီးမိနိုင်ဖို့က မြန်မာနိုင်ငံသည် သွားရည်ကျစရာနိုင်ငံဖြစ်သည်လို့ပဲဆိုကြရမည်ဖြစ်သည်။

အနောက်နိုင်ငံတွေကလဲ မြန်မာနိုင်ငံကို သူတို့၏ ဩဇာခံ နိုင်ငံအဖြစ် သွတ်သွင်းချင်သလို ဘေးပတ်ချာလည်နိုင်ငံများကလဲ အာရှ၏ အင်အားကြီးနိုင်ငံများဖြစ်သဖြင့် အပါမခံချင်။ ထို့သို့သော အခြေအနေမှာတော့ နိုင်ငံကြီးများ၏ နိုင်ငံရေးကျားကွက် ကစားရာနယ်မြေအဖြစ် ချင်းနင်း ဝင်ရောက်လာခဲ့သည်။ ၁၉၈၈ မှသည် ၂၀၁၅ ထိ တပ်မတော်အစိုးရတဖြစ်လဲ အစိုးရများ၏ ထိန်းကျောင်းမှုကောင်းမွန်မှုက တစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် ငြိမ်းချမ်းရေးရနေမှုကတစ်ကြောင်း၊ ပြည်သူလူထု စည်းလုံးနေမှုကတစ်ကြောင်းတို့ကြောင့် သူတို့ ဆောင်ရွက်မှုတွေမှာ အရာမရောက်ခဲ့။

သို့သော် ၂၀၁၅ နောက်ပိုင်းမှာတော့ အနောက်နိုင်ငံနှင့် OIC ၏ ပေးစာကမ်းစာ ယူပြီး အာဏာရရှိရေးကိုသာ ပဓာနထားနေသည့် NLD ပါတီ အာဏာရလာချိန်မှာတော့ တိုင်းပြည်မှာ စတင်ယိုင်နဲ့ခဲ့သည်လို့ပြောရမည်ဖြစ်သည်။
ပြည်သူ-ပြည်သူချင်း၊ ပြည်သူနှင့် တပ်မတော် စသည့် အဖက်ဖက်မှာ စည်းလုံးမှုပြိုကွဲလာခဲ့သကဲ့သို့ ဘာသာ၊ သာသနာ အပေါ်မှာလဲ ယုံကြည်ကိုးစားမှု အားနည်းစေရန် စနစ်တကျ အကွက်ချ ဆောင်ရွက်ခဲ့မှုများသည် အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့သည်လို့ပြောရမည်ဖြစ်သည်။

ရှည်ရှည်ဝေးဝေးတွေပြောရလျှင် ဆောင်းပါး လိုရင်းမရောက်မှာစိုးသဖြင့် အတိုချုံးရသော် အဆိုပါ အာဏာရပါတီ၏ မဲသမာမှုဇာတ်လမ်းမှသည် တပ်မတော်မှ အာဏာထိန်းသိမ်းသည့်ဖြစ်စဉ်ရောက်ရှိခဲ့ချိန်မှာတော့ အနောက်နိုင်ငံနှင့် မသမာသူ နိုင်ငံရေးသမားများ၏ “မစားရသည့်အမဲ .. သဲနဲ့ပက်” သည့် လုပ်ရပ်တွေမှာ အထွဋ်အထိပ်သို့ရောက်ပြီး ယခုအခါတွင် PDF ခေါ် အကြမ်းဖက်သောင်းကျန်းသူ တစ်ဖွဲ့ ထပ်တိုးကာ ပြည်ထောင်စုကြီးကို နေရာအနှံ့တွင် စစ်မီးတောက်လောင်စေနေကြသည်။

၁၀၂၇ ခေါ် ကျူးကျော်စစ်၊ ရက္ခိတ နိုင်ငံထူထောင်ရန်အကြောင်းပြသည့် ခွဲထွက်ရေးစစ်၊ ကချင်ဒေသ KIA ၊ ကရင်ဒေသမှာ KNU စသည်ဖြင့်စသည်ဖြင့် လက်နက်ကိုင်မှုအပေါင်းသရဖူဆောင်းလျက်ရှိပြီး ပြည်ထောင်စု အစိတ်အပိုင်းများ ပဲ့မထွက်သွားစေရန်အတွက် တပ်မတော်သည် မနည်းကျားကန်ကာ ခုခံစစ်ဆင်နွှဲနေရသည်မှာ အားလုံး မျက်မြင်ပင်ဖြစ်သည်။
မြန်မာသည် ဒီလိုအခြေအနေမျိုးကို ခုမှ ကြုံတွေ့ခဲ့ရသည်တော့မဟုတ်။ ၁၉၄၈ ခုမှစ်မှာ တစ်ကြိမ်ကြုံတွေ့ခဲ့ဖူးသည်။ တစ်နိုင်ငံလုံး သူပုန်ထကြွ ကာ အစိုးရ လက်ကျန် တပ်ရင်း ၃/၄ ရင်းဖြင့် ၉ မိုင်သာကျန်တော့သည့် အခြေအနေကိုရောက်ရှိခဲ့ဖူးသည်။

ထိုသို့ သောအခြေအနေမျိုးတွင် တပ်မတော်သည် ခုလိုပဲ ရသည့်အင်အား ရသည့် လက်နက်နှင့် အင်းစိန်တိုက်ပွဲ၊ ဦးစိက္ကန်ကျောင်းတိုက်ပွဲများကို ဆင်နွှဲခဲ့ရသည်။

အင်အား အဆမတန် ကွာခြားသဖြင့် လက်တွေ့ သီအိုရီနှင့် တွက်ချက်လျင်ဖြင့် ဘယ်လိုမှ တောင့် မခံနိုင်သော အခြေအနေမျိုးဖြစ်သဖြင့် အားလုံးကတော့ ရှုံးပြီလို့သာ တွက်ဆခဲ့ကြသည်။ သို့သော် တပ်မတော်အတွက် လိုအပ်နေသည့် အင်အားစုများ တခဏအတွင်းရရှိခဲ့ပြီး ပြန်လည်တိုက်ခိုက်ကာ ရန်ကုန်ကို ကယ်တင်နိုင်ခဲ့သည့်အချိန်မှာတော့ သောင်းကျန်းသူ များရော၊ ဘေးပတ်ဝန်းကျင် အိမ်နီး ချင်းနိုင်ငံများရော အောချသွားကြသည်။

မအောချပဲ နေနိုင်ရောလား …

၉ မိုင်ဆိုသည်မှာ တကယ့်တကယ်တမ်းဖိတိုက်လျှင် ဘယ်လိုမှတောင့်ခံနိုင်စရာအကြောင်းကိုမရှိ။ တပ်မတော်၏ စစ်နည်းဗျူဟာ၊ စွန့်လွှတ် စွန့်စားမှုတို့နှင့်အတူ နိုင်ငံကိုပြိုကွဲမှာမလိုလားသော တက္ကသိုလ်ကျောင်းသားလူငယ်များ၊ အရပ်သားလူငယ်များ တပ်မတော်တွင်းဝင်ရောက်လာမှုကြောင့် သာ ရန်ကုန်သိမ်းစီမံကိန်းမှာ ခွက်ခွက်လန်အောင်ရှုံးကာ ပြန်ပြေးခဲ့ကြရသည်မဟုတ်ပါတကား။

မြန်မာဆိုတာ မြန်လဲမြန်သည် .. မာလဲမာသည်။

အခြားနိုင်ငံကို ကျူးကျော်လိုစိတ် မရှိသလို မိမိနိုင်ငံကိုကျူးကျော်လာလျှင်လဲ ခေါင်းငုံ့မခံတတ်သည့် မျိုးချစ်စိတ်များရှိသည်။ ထိုစိတ်ဓာတ်များသည် ဘယ်သူတွေဘယ်လိုပဲ ဖျက်ဆီးနေပါစေ ဘယ်တော့မှ ပျောက်ကွယ်သွားသည်မရှိသည့် အချက်မှာ မြန်မာတို့၏ စံထားရမည့် အချက်ဖြစ်သည်။

၂၀၂၁ ဖေ ၁ နောက်ပိုင်း နိုင်ငံရေးသမားများ၏ စည်းရုံးမှုကြောင့် PDF အကြမ်းဖက်အဖွဲ့ထဲ တဖွဲဖွဲရောက်ရှိသွားကြချိန်တွင် သောင်းကျန်းသူ တပ်ဖွဲ့များ အင်အား တောင့်တင်းလာသည်မှာ ငြင်းချက်ထုတ်စရာမရှိ။ ထိုအချိန်များတွင် တပ်မတော် တွင်း ဝင်ရောက်သည့် အရေအတွက် ရှိမှရှိပါ့မလားဆိုသည့် ထင်မြင်ချက် များမှာ တစ်ဖက်အဖွဲ့အစည်းများမှာရော တပ်မတော်တွင်းမှာရော တပ်မတော်ကို ချစ်မြတ်နိုးကြသည့် ပြည်သူတွေမှာရော ကြီးစိုးခဲ့ကြသည်တော့အမှန်။
သို့သော် .. သို့သော် မြန်မာဆိုသည်မှာ မြန်မာပဲဖြစ်ပေသည်။

အစပထမ မိမိတို့ ညီအစ်ကိုအချင်းချင်း မတည့်ရာမှ ၁၀၂၇ ခေါ် နိုင်ငံကြီးတစ်ခု၏ အကူအညီကိုယူကာ ကျူးကျော်သည့်စစ်၊ ပြည်ထောင်စုအစိတ်အပိုင်းမှ ခွဲထွက်ချင်သည့် AA ၏ ပုန်ကန်စစ်တို့ကြောင့် နိုင်ငံတော်ကြီးရဲ့ မြေပုံ ပဲ့ထွက်တော့မှာ မြင်လာသည့် လူငယ်လူရွယ်များသည် တပ်မတော်တွင်းသို့ ချင်းနင်းဝင်ရောက်လာသည်ကို အံ့အားသင့်ဖွယ်ပင် ကြုံဆုံရတော့သည်။

တပ်မတော်အတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်သဖြင့် ပျော်ကြရသည်ဆိုပါစို့။ အပျော်ပေါ် ဂုဏ်ယူတာဆင့်စေမည့်တစ်ခုထပ်ရှိတာကား အသက် ၁၈ နှစ်မှ ၄၀ ကျော် အတွင်း လူငယ်တွေသာမက တချို့ အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးများပါ တပ်မတော်တွင်းကို ဝင်ဖို့ စစ်သားစုဆောင်းရေးတပ် တွေမှာ လာသတင်းပို့ကြသည် ဆိုပါတကား။

မောင်းပြန်သေနတ်လေး ချောက်တိချောက်ချက်နှင့် စစ်ဖိနပ် ဘယ်တစ်ဖက်၊ ညာတစ်ဖက်ကို စီးကာ ရထားဘွိုင်လာအိုးထဲမှ ရေတွေခပ်သောက်ရင်း တိုက်ပွဲဝင်ခဲ့ကြ သည့် စစ်သည်တွေမှသည် တရုတ်ဖြူကျူးကျော်စစ် အတွင်း တက္ကသိုလ် ကျောင်းသားဘဝကိုစွန့်လွှတ်ကာ တပ်မတော်အတွင်းဝင်ရောက်လာသည့် စစ်သည်တွေ အလယ်၊ ၂၀၂၁ နောက်ပိုင်းဝင်လာပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်စွန့် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအားလုံးသည့် ဒီလိုပဲ စစ်သားစု ဆောင်းရေးမှ လာကြသူများသာဖြစ်သည်။

အမေကမွေး၊ တပ်ကကျွေး ကာ နိုင်ငံတော်တစ်ဝှမ်းပြည်ထောင်စုအလံလွှမ်းစေဖို့ ဝင်လာကြသည့် အမိမြေမှသားကောင်းများ သည် ပြည်သူမှ ပေါက်ဖွားလာသည့် ပြည်သူ များသာဖြစ်သည်မို့ တပ်မတော်ကို ပြည်သူမထောက်ခံဆိုသည့် အတွေးသည်လဲ မြောင်းထဲ လွှင့်ပစ်လိုက်ဖို့သာဖြစ်ကြောင်း သက်သေပါတစ်ခါတည်းတည်သွားသည်။

တပ်မတော် သည် အင်အား သုံးသိန်းကျော်ရှိသော်လည်း ယနေ့ ပုန်ကန် ထောင်ထား ထကြွနေသည့် သူပုန်များသည် တိုက်ခိုက်ရေးအင်အား ၄ သိန်းကျော် ရှိ သဖြင့် အင်အားမမျှတစွာနှင့် တစ်နိုင်ငံလုံး ပတ်ချာလည်ပြေးကာထိန်းနေရသည်။

ထို့ကြောင့် တချို့နေရာတွေမှာ ခေတ္တခဏ ဆုတ်ခွာခဲ့ကြရသည်။ သို့သော် ထိုနေရာတွေ ကို အချိန်တန်လျင် ပြန်တိုက်ယူကြရမည်ဖြစ်သည်။ ထိုသို့ ပြန်တိုက်ယူရာမှာလဲ ခုလို မိမိ အသိစိတ်နှင့် တပ်မတော်တွင်းဝင်လာသည့် “အမိမြေမှသားကောင်းများ” ရဲ့ အားတွေ အများကြီးလိုပါသည်။
နွားတစ်ကောင်သေလျှင် သားရေပြားချပ်ကျန်သည်။ သိုးတစ်ကောင်သေသွားခဲ့ လျှင် အနွေးထည်ကျန်သည်။ လူတစ်ယောက်သေသွားလျှင်တော့ နာမည်ကျန်နေရစ်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှာမွေးဖွား မြန်မာမြေကိုသုံး မြန်မာရေကိုသောက်သည့် မိမိတို့ တပ်မတော်သားများသည် မြန်မာနိုင်ငံ၏ ကျေးဇူးကိုသိရမည်ဖြစ်သည်။ မြန်မာနိုင်ငံတော် မြေပုံကြီးပဲ့မထွက်စေရေးအတွက် တာဝန်ရှိပါသည်။

“အမိမြေမှသားကောင်း” အပေါင်း

သို့ … စီနီယာ တပ်မတော်သားကြီးများ တာဝန်ကျေခဲ့သလို ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ တာဝန်ကျေပြွန်အောင် ဆောင်ရွက်ကြပါစို့။ တပ်မတော်သည် အခက်အခဲအကြပ်အတည်းတွေကြားမှ နိုင်ငံတော်ကို မပြိုကွဲအောင်စောင့်ရှောက်ခဲ့သည်ဆိုသည့် ဂုဏ်ကို ဆက်လက်ထိန်းသိမ်းကြပါစို့။
အမိမြေမှသားကောင်း များ၏ နာမည် နောင်နှစ်များစွာတိုင် ရှင်သန်ရစ်နေရန် ကြိုးစား ကြပါစို့ ဟု တိုက်တွန်းရင်း ……

“အမိမြေမှသားကောင်းများသည် ချီတက်ခဲ့ပါပြီ
ဒို့နိုင်ငံအားကျူးကျော်သူများ သုတ်သင်ကာလေချေမှုန်းမည်
အစဉ်အလာသမိုင်းသစ်ကိုထွန်းသစ်စေမည် …….”

မင်းထက်ကျော်ဇော
(နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် တပ်မတော်တွင်းရောက်ရှိလာကြသည့် လူငယ်လူရွယ်များအား လက်တင်အလေးပြု ဂုဏ်ပြုရင်းရေးသားပါသည်။)

Telegram>>…
https://t.me/positiveanglenews

PAN