တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


(မှုခင်း) ဇွန် ၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျည်ကာအင်္ကျီ (သံပြားမပါ) အထည် ၃၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကောင်းမှုတော် လမ်းဆုံအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် သံပြားအပါး ၂၆၆ ချပ်၊ သံပြားအထူ ၉၂ ချပ်၊ သံပိုက်လုံး ၂၄၁၅ လုံး၊ သံပိုက်ချောင်း ၇၃၂၈ ချောင်း၊ ကြေးပိုက် ခွေ ၁၀ ခွေပါ ၁၉ ဖာ၊ မြေတူးစက် တစ်လုံး၊ နှမ်းနက် ၃၃အိတ် အပါအဝင် ကုန်ပစ္စည်း ၄၁ မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၃၉၃၉၇၉) ကို ဖမ်းဆီးရမိခဲ့ပြီး (အောက်ပုံ) ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၇၄၁ တန်၊ သစ်မာ ၀ ဒသမ ၅၅၃ တန်၊ အခြားသစ် ၂ ဒသမ ၈၈၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၀၇၉၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။သို့ဖြစ်ပါ၍ ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၈၁၄၇၆၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ