“ပူတင် ၏ မြောက်ကိုရီးယားနှင့် ဗီယက်နမ်ခရီးစဉ်က အမေရိကန်၏ မူဝါဒ မအောင်မြင်ခြင်းကို ပြသနေ” 

(နိုင်ငံတကာ) ဇွန် ၂၃

ရုရှားသမ္မတ ဗလာဒီမာ ပူတင် ၏ မြောက်ကိုရီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံခရီးစဉ်များသည် အမေရိကန်နိုင်ငံ၏ အာဏာရှင်နှင့် ပိတ်ဆို့မှုမူဝါဒ မအောင်မြင်မှုများကို ပြသနေခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလီ အန်တိုနော့ ကပြောသည်။ 

“ဗလာဒီမာ ပူတင် ရဲ့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်ခရီးစဉ်များက အမေရိကန်တွေကို မြောင်းထဲရောက် သွားစေသလိုပါပဲ၊ သူတို့ရဲ့ အာဏာရှင်ဆန်တဲ့မူဝါဒ၊ ပိတ်ဆို့မှုသာချမှတ်တဲ့မူဝါဒတွေ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် ကမ္ဘာ့တောင်ခြမ်းမှာရှိတဲ့ နိုင်ငံတော်တော်များများကလည်း ရုရှားနိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေပြီး အခုဆိုရင် အဲဒီနိုင်ငံတွေက ကျွန်တော်တို့ဘက်ကိုတောင်မှ ပါလာနေပါပြီ” ဟု အန်နာတိုလီ အန်တိုနော့ ကပြောသည်။  အမေရိကန်အစိုးရတာဝန်ရှိသူများက ရုရှားနိုင်ငံ၏ အောင်မြင်မှုနှင့်ပတ်သက်၍ ကြောက်ရွံ့နေရပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံနှင့်တွေ့ဆုံဆွေးနွေးရမည့်အရေးကို ရှောင်ရှားလာကြောင်း ၎င်းကဆက်ပြောသည်။ 

ထို့အတူ ရုရှား-အမေရိကန်ဆက်ဆံရေးအခြေအနေ ကျဆင်းလာမှုသည် ဆက်လက်ဖြစ်ပေါ်ကာ တိုးတက်မှုတစ်စုံတစ်ရာမရှိဘဲ ဖြစ်နေမည်ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးကဆိုသည်။

 ထို့ပြင် ရုရှားသံအမတ်ကြီးသည် မကြာမီရက်များအတွင်း အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ အမေရိကန်အနေဖြင့် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးကို မည်ကဲ့သို့ဆောင်ရွက်မည်နှင့်ပတ်သက်၍ မေးမြန်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောထားသည်။

#PAN