“စစ်ရေးအကူအညီပေးရေးအစီအစဉ်အရ ယူကရိန်းစစ်သည် ၅၂,၀၀၀ ကျော်အား ဥရောပသမဂ္ဂက လေ့ကျင့်ပေးနေကြောင်း ယူကရိန်းပြော” 

(နိုင်ငံတကာ) ဇွန် ၂၃

ဥရောပသမဂ္ဂအဖွဲ့၏ စစ်ရေးအကူအညီပေးရေးအစီအစဉ်အရ ယူကရိန်းစစ်သည် ၅၂,၀၀၀ ကျော်အား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက လေ့ကျင့်သင်ကြားပေးခဲ့ပြီဖြစ်ကြောင်း ယူကရိန်းနိုင်ငံပိုင် Ukrinform သတင်း အေဂျင်စီက ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။ 

အဆိုပါ လေ့ကျင့်သင်ကြားရေးအစီအစဉ်တွင် ယူကရိန်းတပ်မတော်မှ အရာရှိများနှင့် အခြားအဆင့် စစ်သည်များ ပါဝင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ယူကရိန်းတပ်မတော်သည် ယခုအခါ တပ်မဟာအသစ်များ ထပ်မံဖွဲ့စည်းနေခြင်းကြောင့် လေ့ကျင့် သင်ကြားရေးအစီအစဉ်ကို တိုးချဲ့လုပ်ဆောင်ရန် ဥရောပသမဂ္ဂအဖွဲ့အား ယူကရိန်းလက်ထောက်ကာကွယ်ရေး ဝန်ကြီး အိုလက်ဆန်းဒါး ဘာလာနွတ်ဆာ က တောင်းဆိုထားသည်။ 

ဥရောပသမဂ္ဂအဖွဲ့၏ စစ်ရေးအကူအညီပေးရေးအစီအစဉ်အရ နှစ်နှစ်ကြာမြင့်မည့် လေ့ကျင့်သင်ကြားမှုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုတွင် မိုင်းရှင်းလင်းရေးဆိုင်ရာ သင်ကြားရေး၊ ဆေးကုသမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပြုပြင်မွမ်းမံခြင်းနှင့်ပြင်ဆင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

#PAN