“စစ်ရေးလေ့ကျင့်ရန် အမေရိကန်၏ လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားသို့ရောက်ရှိ” 

(နိုင်ငံတကာ) ဇွန် ၂၃

အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောတစ်စင်းသည် စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ရန် ဇွန်လ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်းသိရသည်။ 

အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုစဗဲ့ သည် ဘူဆန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယခုလ နှောင်းပိုင်းတွင် အိမ်ရှင်တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရေတပ်အရာရှိများက ပြောသည်။ 

အဆိုပါ သုံးနိုင်ငံမှ ခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင်တွေ့ဆုံစဉ် ပူးတွဲစစ်ရေးလေ့ကျင့် မှုများကို နှစ်စဉ်လုပ်ဆောင်သွားမည်ဟု သဘောတူထားသည်။

ယခုလုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်ခန်းကို “Freedom Edge” လို့ အမည်ပေးထားပြီး ထိုစစ်ရေးလေ့ကျင့်ခန်းတွင် သုံးနိုင်ငံစလုံးမှ ရေတပ်များပါဝင်သွားမည် ဖြစ်သည်။

  လေ့ကျင့်ခန်းများတွင် ရေငုပ်သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေး၊ လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်ခန်း များလည်းပါဝင်မှာဖြစ်တယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ခရစ္စတိုဗာ အလက်ဇန်းဒါး က ပြောသည်။  

ယခုစစ်ရေးလေ့ကျင့်ခန်းကို လုပ်ရသည့်ရည်ရွယ်ချက်မှာ ရေတပ်များအကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု တိုးတက်စေရေး၊ မည်သည့်အခြေအနေမျိုးတွင်မဆို အတူလက်တွဲဆောင်ရွက်နိုင်စွမ်း တိုးတက် စေရေး တို့ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ 

ပြီးခဲ့သည့်နှစ်ကလည်း အဆိုပါသုံးနိုင်ငံသည် ပူးတွဲရေတပ်ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်ခန်းများနှင့် ရေငုပ်သင်္ဘာတိုက်ဖျက်ရေး လေ့ကျင့်ခန်းများကို လုပ်ဆောင်ထားသည်။ 

ရုရှားသမ္မတ ဗလာဒီမာ ပူတင် အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံသို့သွားကာ အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်လေယာဉ်တင် သင်္ဘောက တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

ရုရှားသမ္မတ၏ မြောက်ကိုရီးယားခရီးစဉ်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည့်အပြင် အရေးပါသော ကာကွယ်ရေးသဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့သောကြောင့် နိုင်ငံတကာ၏ စောင့်ကြည့်မှု အခံရဆုံး ခရီးစဉ်ဖြစ်လာကြောင်း သိရသည်။

#PAN