အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ မည်သူအနိုင်ရမည်ကို တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ပူပန်ခြင်းမရှိဟုဆို


(ပြည်တွင်း) ဇွန် ၂၁

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ မည်သူအနိုင်ရရှိမည်ဖြစ်စေ တရုတ် နိုင်ငံက စိုးရိမ်ပူပန်ခြင်းမရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ပြောသည်။

အမေရိကန်တွင် လာမည့် ရက်သတ္တပတ်အတွင်း၌ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တိုကြား သမ္မတ ရွေးကောက်ပွဲ၏ ပထမဆုံးအကြိမ်အဖြစ် စကားစစ်ထိုးကြမည်ဖြစ်သည်။

ယင်းမတိုင်မီ အမေရိကန်ထောက်လှမ်း ရေးအေဂျင်စီများ က အမေရိကန်ရွေးကောက်ပွဲအပေါ် တရုတ်နိုင်ငံ၏သဘောထားကို အကဲဖြတ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ မည်သည့်ကိုယ်စားလှယ်လောင်းအပေါ် ပိုမိုနှစ်သက် သဘောကျသည့် အရိပ်အယောင်မရှိကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများက ပြောသည်။

ထိုပြင် အမေရိကန်နှင့်တရုတ်တို့ကြား အဆင့်မြင့်အရာရှိများကြား တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် ဆက်လက်တင်းမာမည့်အလားအလာရှိသည်ဟု တရုတ်အစိုးရက ယူဆလျက်ရှိကြောင်း သိရသည်။

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် လက်ရှိသမ္မတ ဘိုင်ဒင်နှင့် ထရမ့်တို နှစ်ဦးစလုံး သည် တရုတ်နိုင်ငံအား ထိန်းချုပ်နိုင်ရေးနှင့် တရုတ်အင်အားကြီးထွားလာခြင်းကို ဟန့်တားလိုသူများ သာ ဖြစ်သည် ဟု တရုတ် က ရှုမြင်နေကြောင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည့် တရုတ်အရာရှိများ၏ ပြောဆို ချက်နှင့် အမေရိကန်ထောက်လှမ်းရေးအဖွဲက ချမှတ်ခဲ့သည့် သုံးသပ်ချက်တို့မှာ ကိုက်ညီလျက်ရှိ‌ကြောင်း သိရသည်။

ထို့ပြင် ဘိုင်ဒင်နှင့် ထရမ့်နှစ်ဦးစလုံးသည် ပြီးပြည်စုံသည့် ကိုယ်စားလှယ်လောင်းများ မဟုတ်ကြောင်း၊ ဘိုင်ဒင်သည် စစ်အေးခေတ်စစ်သည်တော်တစ်ဦးဖြစ်ပြီး ၎င်းသည် ကမ္ဘာကြီးအား ပဋိပက္ခအတွင်း ဆွဲသွင်းရန် ဝန်လေးသူမဟုတ်ကြောင်း ၊ ထိုပြင် ထရမ့် သည် အမေရိကန်ဦးစားပေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရန်အတွက် တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများနှင့် ပိတ်ဆိုမှုများကို ချမှတ်နိုင်ဖွယ်ရှိကြောင်း တရုတ် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်အတွက် စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်သံတမန်တစ်ဦး ဖြစ်သူ ကောင်းကျီကိုင် က ပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၅ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN