စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အားဝင်ရောက်လုယက်ဓားပြတိုက်သည့် အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီဝင်ရောက်စီးနင်းဖမ်းဆီးရာ အကြမ်းဖက်သမားတစ်ဦးအား ငွေကျပ်သိန်း ၃ဝ၃၁ သိန်းနှင့်အတူအသေဖမ်းဆီးရမိ


(မှုခင်း) ဇွန် ၁၉

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အကြမ်း ဖက်အမျိုးသား(၄)ဦး(စိစစ်ဆဲ)က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြတိုက်နေကြောင်းသတင်းအရ မြို့ပေါ် ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်းအဖွဲ့များဖြင့်တရားခံများဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ပူးပေါင်းလှည့်ကင်းအဖွဲ့ သည် ကမ္ဘောဇဘဏ်(၁)သို့ ရောက်ရှိပြီး ဝင်ရောက်စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူအကြမ်း ဖက်သမား အမျိုးသား(၁)ဦးအား အသေဖမ်းဆီးရမိသည့်အပြင် ၎င်းတို့ ဓါးပြတိုက်ယူဆောင်ထားသည့် ငွေကျပ်သိန်း(၃၀၃၁) သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် လုယက်ဓါးပြတိုက်ရာတွင် အသုံးပြုသည့်လက်လုပ်ပစ္စတို(၁)လက်၊ ၉ မမကျည်(၉)တောင့်၊ ဗုံးသီး(စိစစ်ဆဲ) (၁)လုံး၊ ဆိုင်ကယ်(၂)စီးတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စိစစ်ချက်အရ ဘဏ်အား ဝင်ရောက်လုယက် ဓါးပြတိုက်သူများမှာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်းဦးဆောင်သော အဖွဲ့ဖြစ်ကြောင်းနှင့် အသေဖမ်းဆီးရမိသည့် အကြမ်းဖက်သမားမှာ ၎င်းအဖွဲ့မှ ကိုနောင်ဖြစ်ကြောင်း သိရှိရသည်။

လုယက်ဓားပြတိုက်မှုမှ ထွက်ပြေးလွတ်မြောက် လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/မြို့ထွက် နေရာများအား ပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ