ဂွမြို့မှ ကျွန်းနံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်


(သယံဇာတ) ဇွန် ၁၈


ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်းရှိ ကုန်းမြေ ၇၈၁ ဧကနှင့် ရေပြင် ၂၂၂၁၉ ဧက စုစုပေါင်းဧရိယာ ဧက၂၃၀၀၀ ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် “ကျွန်းနံ့သာအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ်သတ်မှတ်လိုက်ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် ကျွန်းနံ့သာအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် အမိန့်ကြော်ငြာစာအမှတ် ( ၅၀ /၂၀၂၄)အရ ၁၃၈၆ ခုနှစ် နယုန်လဆန်း ၆ ရက် (၂၀၂၄ ခုနှစ် ၊ ဇွန်လ ၁၂ ရက်) မှ စတင်သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင်ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်းရှိ ကုန်းမြေ ၇၈၁ ဧကနှင့် ရေပြင် ၂၂၂၁၉ ဧက စုစုပေါင်းဧရိယာ ဧက၂၃၀၀၀ ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် ကျွန်းနံ့သာအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် အမိန့်ကြော်ငြာစာအမှတ် ( ၅၀ /၂၀၂၄)အရ ၁၃၈၆ ခုနှစ် နယုန်လဆန်း ၆ ရက် (၂၀၂၄ ခုနှစ် ၊ ဇွန်လ ၁၂ ရက်) မှ စတင်သတ်မှတ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြေညာထားသည်။

ကျွန်းနံ့သာသည် ဘူမိရုပ်သွင်ထူးခြားသည့် ကျွန်းတစ်ခုဖြစ်ပြီး ဂွမြို့နယ် ကျိန္တလီမြို့၏အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင် တည်ရှိသော ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်၍ အဆိုပါဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN) ၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်ဝင် ပင်လယ်ကမ်းရိုးတန်းဒေသများ၌ ကျက်စားနေထိုင်သော အဏ္ဏဝါမျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်စောင်းလျားနှင့် လိပ်ခွေးစသည်တို့နှင့် ဝေလငါး၊ ငါးမန်းဖလောင်း၊ ရေဝက်၊ ငါးမန်း အမျိုးမျိုး၊ ငါးလိပ်ကျောက်၊ ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့ နေထိုင်ကျက်စားခြင်း၊ ကျွန်း၏ပတ်လည်ပင်လယ်ရေအောက်တွင် ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများ တည်ရှိနေခြင်းတို့ကြောင့် ကမ်းရိုးတန်းဒေသရှိ အဏ္ဏဝါမျိုးစိတ်များနှင့် ထူးခြားသည့် ဘူမိရုပ်သွင်များအား ရေရှည်တည်တံ့စေရန်အတွက် ကာကွယ် ထိန်းသိမ်းရန် ရည်ရွယ်၍ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

ကျွန်းနံ့သာအဏ္ဏဝါအမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်းခြင်းအားဖြင့် အဆိုပါဧရိယာအတွင်းရှိ ထူးခြားသည့်ဘူမိရုပ်သွင်တစ်ခုဖြစ်သော ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် အဏ္ဏဝါ မျိုးစိတ်များနှင့် ၎င်းတို့၏နေရင်းဒေသများ၊ ကမ်းရိုးတန်းဂေဟစနစ်များအား ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ခြင်း၊ ကျွန်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာ ၁၀ ရွာမှ ဒေသခံရခိုင်လူမျိုးများ၏ မိရိုးဖလာငါးဖမ်းဆီးသည့် လုပ်ငန်းအတွက် အဓိကအားထားရာနေရာ တို့အား စနစ်တကျစီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်းနှင့် ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။

#PAN