အမေရိကန် ဖျက်သင်္ဘော တစ်စင်းနှင့် အရပ်ဘက် သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ဟု ဟူသီသူပုန်များထုတ်ပြန်

(နိုင်ငံတကာ) ဇွန် ၁၇

ပင်လယ်နီနှင့် အာရေဗျပင်လယ်ရှိ အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော တစ်စင်းနှင့် အရပ်ဘက် သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် အခြေစိုက် ဟူသီသူပုန်များက ထုတ်ပြန်ပြောဆိုခဲ့သည်။
ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ၎င်းတို့အနေဖြင့် ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများနှင့် တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ထိခိုက်ပျက်စီးမှုရှိမရှိ ပြောဆိုခဲ့ခြင်းမရှိပေ။
ယီမင်နိုင်ငံ အယ်လ်မူခါမြို့၏တောင်ဘက် ရေမိုင် ၄ မိုင်အကွာတွင် သင်္ဘောတစ်စင်းအနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်အခြေစိုက် ရေကြောင်းကုန်သွယ်မှုဆိုင်ရာအဖွဲ့တစ်ခုမှ ထုတ်ပြန်ထားပြီး သင်္ဘောမှာ ဆက်လက်ခရီးဆက်နေပြီး အမှုထမ်းများ ဘေးကင်းလုံခြုံခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်ရေတပ်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိပဲ ဟူသီအဖွဲ့မှလည်း မည်သည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ကြောင်းသိရသည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် နိုဝင်ဘာလမှ စတင်ကာ ပင်လယ်နီအတွင်း ဖြတ်သန်းသည့် အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးနိုင်ငံများနှင့် သင်္ဘောပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။

#PAN