၂၀၂၅ တွင် ရွေးကောက်ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်နေဟု နစက ဥက္ကဋ္ဌပြော

(ပြည်တွင်း) ဇွန် ၁၅

လာမည့် ၂၀၂၅ ခုနှစ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကိုကျင်းပပေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ယနေ့ ပြောဆိုလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်ကို သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “မိမိတို့အနေဖြင့် လာမယ့်အောက်တိုဘာလအတွင်း လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆောင်ရွက်လျှက်ရှိပြီး လာမယ်နှစ်အတွင်း လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါကြောင်း” ပြောဆိုခဲ့သည်ဟု သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ​လျှောက်ထားသောပါတီ ၁၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ ၅၀ ပါတီ စုစုပေါင်း ၆၆ ပါတီရှိပြီဖြစ်ပါတယ်။

#PAN