(ပြည်တွင်း) ဇွန် ၁၅
အေးချမ်းတည်ငြိမ်လျက်ရှိသည့်ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်အတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်/စခန်းများအား PNLO အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများ အား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့်အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဟိုပုံး-ဘန်းယဉ်-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းတစ်လျှောက်အား ပိတ်ဆို့၍ အဆိုပါဒေသအတွင်း အဖျက်အမှောင့် လုပ်ငန်းများအား အဆက်မပြတ်လုပ်ဆောင်ခဲ့ကြသည်ဟုလည်း ပါရှိသည်။
အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒေသများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter Operation) ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ အဆင့်ဆင့်ခြေကုတ်ယူ၍ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိုင်ကော် လမ်းကြောင်း(၄၂)မိုင်အား မေလ ၂၉ ရက်တွင် လည်းကောင်း ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ(၈၇) ကြိမ် ဖြစ်ပွားခဲ့သည်။
၎င်းမှ လွိုင်ကော်မြို့ လုံခြုံရေးနှင့် လေယာဉ်ကွင်းအားအဓိက နှောင့်ယှက်မှု ပြုလုပ်ခဲ့ရာ စက်မှုဇုန်နယ်မြေနှင့် နာနတ်တောရပ်ကွက်တို့အား ဇွန်လ ၁၄ ရက်တွင် ထပ်မံရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပြင် တစ်ဝိုက်သို့ ဆက်လက်ရှင်းလင်းဆဲ ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများကနယ်မြေရှင်းလင်းပြီးသည့်နေရာများသို့ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့ ၊ရွာများအတွင်းအပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဦးဆောင်၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ လွိုင်ကော်မြို့သည် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စတင်သွားလာနေထိုင်လျက်ရှိကြရာ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် သီရိမင်္ဂလာ(ဗဟို)ဈေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ဒေသခံပြည်သူများက ဈေးအတွင်း မီးလောင်ပျက်စီးခဲ့သည့် အဆောက်အဦများအားဖယ်ရှားရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေးဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ လွိုင်ကော်မြို့ အတွင်းရှိသီရိမင်္ဂလာ(တောင်ကွဲ)စေတီ၊ မြို့နာမ်စေတီအပါအဝင် ဘုရားစေတီများ၊ တံတားများနှင့် လမ်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများအပါအဝင် မြို့အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအပါအဝင် တပ်ရင်း/တပ်ဖွဲ့မှ မိသားစုများ၊ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကတစ်ပျော်တစ်ပါးလုပ်အားပါဝင်ပေးခဲ့ကြသလို စေတနာရှင်များကလည်း လုပ်အားပေးအဖွဲ့များအား စားစရာနှင့် သောက်ရေသန့်များ လှူဒါန်းခဲ့ကြပြီး အဆိုပါလုပ်အားပေးအဖွဲ့များကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကရင်းရင်းနှီးနှီး သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
#PAN