မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းသီးနှံအား ဘောင်ကြီးတင်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဟုဆို

(စိုက်ပျိုးရေး)  ဇွန်  ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ထနောင်းတောကျေးရွာအုပ်စု တောဘိုကုန်းကျေးရွာရှိ တောင်သူ ဦးစံမောင်၏ လယ်မြေ၌ နွေနှမ်းသီးနှံ (ဂျပန်ဖြူ)နှမ်းမျိုးအား ဘောင်ကြီးတင်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ် ထနောင်းတောကျေးရွာအုပ်စု တောဘိုကုန်းကျေးရွာ ကွင်းအမှတ် ၁၁၈၉ ရှိ တောင်သူ ဦးစံမောင်၏ လယ်မြေနှင့် ကွင်းအမှတ် ၁၁၉၁ ရှိ တောင်သူ ဒေါ်မြင့်၏ နွေနှမ်းသီးနှံစိုက်ခင်း (ဂျပန်ဖြူ) နှမ်းများ စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

နှမ်းသီးနှံစိုက်ခင်း (ဂျပန်ဖြူ) နှမ်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံမျိုးစေ့ သုံးစွဲမှုနှင့် စိုက်နည်းစနစ် မှန်ကန်စေရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီ ကာ ဒေသခံတောင်သူများနှင့်ပူးပေါင်းပြီး ပညာပေးစမ်းသပ်ကွက်အဖြစ် အခြားတောင်သူများ လာရောက် လေ့လာနိုင်စေရန် စိုက်ပျိုးဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဘောင်ကြီးတင်စနစ် စိုက်ပျိုးခြင်းအားဖြင့် သီးနှံစိုက် ပျိုးချိန် သဘာဝဘေးအန္တရာယ်ကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်း အခြေအနေများတွင် ရေသွင်း၊ ရေထုတ် လွယ်ကူစေခြင်း၊ အပင်ဝင်ဆံ့မှုအရေအတွက် မှန်ကန်ခြင်း၊ အပင်ပြုစုစောင့်ရှောက်မှု လွယ်ကူခြင်း စသည့် ကောင်းကျိုးများစွာ ရရှိနိုင်သည့်အတွက် နွေနှမ်းသီးနှံ ဘောင်ကြီးတင်စနစ်ကို မြို့နယ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ပညာပေးစိုက်ပျိုးပြသထားခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

ဘောင်ကြီးတင်စနစ် စိုက်ပျိုးရာတွင် မြေယာပြုပြင်ပြီး ကြောင်းဆွဲကိရိယာဖြင့် ဘောင်ဖော်ကာ မျိုးစေ့ချ ကိရိယာအသုံးပြု၍ အပင်ကြား ၄ လက်မ အတန်းကြား ၄ လက်မနှုန်းဖြင့် တစ်ဧက နှမ်းမျိုးစေ့ တစ်ပြည် နှုန်း အသုံးပြုစိုက်ပျိုးထားကြောင်း၊ စိုက်နည်းစနစ်မှန်ကန်ပြီး အပင်ဦးရေ ဝင်ဆံ့သည့်အတွက် အနှုန်းအား ဖြင့် တစ်ဧကပျမ်းမျှ တင်း ၂၀ နှုန်း ထွက်ရှိနိုင်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် နွေနှမ်း သီးနှံများ ကို ရှေးသမရိုးကျ ပက်ကျဲစနစ် စိုက်ပျိုးခြင်းထက် ဘောင်ကြီးတင်စနစ်ကို စိုက်ပျိုးခြင်းက အထွက်နှုန်း ပိုမိုရရှိပြီး များစွာ အကျိုးဖြစ်ထွန်းစေနိုင်မှာ ဖြစ်ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် ဆီအိုးကြီးသဖွယ် ထားကိုးအားထားရေသော နှမ်းသီးနှံကို အထွက်နှုန်း တိုးတက် ရရှိနိုင်ရေးအတွက် ဒေသခံတောင်သူများ နည်းပညာများ လိုက်နာကျင့်သုံးရေး၊  အလေအလွင့်မရှိ ကြိုတင်ပြင်ဆင်နိုင်ရေး၊ လုပ်ငန်းသုံး လယ်လုပ်ကိရိယာများ တီထွင်ဆန်းသစ် ပြုလုပ်သုံးစွဲရေး၊ စိမ့်မြောင်း ပတ်မြောင်းများ ပြုလုပ်စေရေး၊ သက်လတ် အထွက်ကောင်းမျိုးများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ နှမ်းသီးနှံစိုက်ပျိုးမှု လုပ်ငန်းစဉ်များ သိရှိလိုက်နာခြင်းဖြင့် နှမ်းပင်ဖြစ် ထွန်းမှု ပိုမိုသိသာကောင်းမွန်ပြီး  ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများအပြင် ယခုနှစ် နှမ်းသီးနှံ ရိတ်သိမ်းချိန်တွင် သီးသန့် ရွေးချယ်ပြီး မျိုးသန့်သိမ်းဆည်း၍ လာမည့်ရာသီအတွက် မျိုးသန့်အဖြစ် သုံးစွဲနိုင်ရေး လုပ်ငန်းများကို တောင်သူပညာ ပေး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်လင်းက ရှင်းပြသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ဆီးထွက်သီးနှံ အထူးဇုန်လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ယခုနှစ် မိုးဆီထွက်သီးနှံအဖြစ် မိုးနှမ်းကို ဧက ၄၀၀၀၀ ၊ မိုးမြေပဲကို ၁၁၆၆၉ ဧကနှင့် မိုးနေကြာကို ဧက ၃၀၀၀ စုစုပေါင်း ၅၄၆၆၉ ဧက စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

#PAN