KIA နှင့် PDF ပူးပေါင်းအဖွဲ့များအား ယတိပြတ်ခုခံချေမှုန်းရန် ကချင်ပြည်နယ်အထူးဒေသ(၁) “စစ်မိန့်” ပေးပြီ

(ပြည်တွင်း) ဇွန် ၁၄

မိမိတို့ဒေသကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးရန် ဝင်ရောက်တိုက်ခိုက်လာသည့် KIA နှင့် PDF ပူးပေါင်းအဖွဲ့များအား ယတိပြတ်ခုခံချေမှုန်းရန် နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင်ပြည်သူ့စစ် ရဲဘော်များအား ကချင်ပြည်နယ်အထူးဒေသ(၁) ဥက္ကဋ္ဌ ဦး ဦးဇခုန်တိန့်ယိန်းမှ “စစ်မိန့်” ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်မိန့်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၇ )ရက်နေ့ ရက်စွဲဲဖြင့်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသိရသည်။ငြိမ်းချမ်းရေးကိုဖျက်ဆီးရန်၊ နိုင်ငံတော်ကိုဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူများ၏ဘဝ သာယာအေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF ကျူးကျော်လာပြီဖြစ်သဖြင့် ကျွန်တော်တို့ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နခစ၊ ပသစ များသည် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင်တိုက်ခိုက် ချေမှုန်းကြပါရန် အမိန့် ပေးအပ်ပါသည်ဟု ၎င်း၏စစ်မိန့်တွင် ပါရှိသည်။

ကျွန်တော်တို့ ဒေသကိုဝင်ရောက်လာသည့် ရန်သူမှန်သမျှကို တားဆီးချေမှုန်းကြရမည်။ အိမ်အတွင်း ဝင်ရောက်လာသော ရန်သူများ ပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ။ ရှေ့၊ နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြပါ။ ပြန်လည်ထွက်သွားခွင့်မပေးကြပါနှင့်။ရဲဘော်တို့၏ သတ္တိကိုမှတ်တမ်းတင်ဖော်ထုတ်ပါ။ မိမိတို့ငြိမ်းချမ်းသာယာမှုကိုလုံးဝဖျက်ဆီးမခံကြပါနှင့် မိမိတို့သည် နိုင်ငံတော်၏ သားကောင်းရတနာများသာဖြစ်သည်။ မိမိတို့ မိဘများ၊ သားသ္မီးများကို ကာကွယ်သည့် တိုက်ပွဲအောင်ရမည်။ ဦးဇခုန်တိန့်ယိန်း “စစ်မိန့်” ပေးပါသည်ဟုလည်း ပါရှိသည်။

#PAN