မြစ်တစ်စင်းနှင့် မျှဝေသောအနာဂါတ် မဲခေါင်-လန်ချန်း စိတ်ဓါတ်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီးချုပ် ကတိကဝတ်ပေး

(ပြည်တွင်း) ဇွန် ၁၄

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၇) ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းများကို ထောက်ပံ့ပေးအပ်သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို “မြစ်တစ်စင်းနှင့် မျှဝေသောအနာဂါတ်” မဲခေါင်-လန်ချန်း စိတ်ဓါတ်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ပေး ပြောကြားခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများနှင့်အတူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကိုလည်း ဒုတိယဝန်ကြီးချုပ်မှ အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဆွေမျိုးပေါက်ဖော် ရင်းနှီးခင်မင်မှုနှင့် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်တွင် စတင်ထူထောင်ခဲ့သည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ဂုဏ်ပြုသည့်အနေဖြင့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒအပေါ် အခြေခံကာ ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးအား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုသို့ မြှင့်တင်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ- တရုတ် မျှဝေသောအနာဂါတ်အသိုက်အဝန်းသို့ ဆက်လက်တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကလည်း နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ရင်းနှီးခင်မင်မှု၊ အပြန်အလှန် နားလည်လေးစားမှုနှင့် အကူအညီပေးမှုများကို ပြန်လည်အမှတ်ရပါကြောင်းနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မျှဝေသည့် အနာဂတ်အသိုက်အဝန်းတစ်ခုကို ပူးပေါင်းတည်ဆောက်ရာတွင် အရေးပါသောစင်္ကြံတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်၊ မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဆက်လက်၍ အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

#PAN