ဆိုင်ကယ်ပိုင်ရှင်ကိုဓားနှင့်ခုတ် ဆိုင်ကယ်ကိုလု ထွက်ပြေးသည့်ဆိုင်ကယ်ပိုင်ရှင်ကိုသေနတ်နှင့် လိုက်ပစ်သည့် လူငယ်အဖွဲ့အား ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၁၄

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဆုံ၊ ကြီးမြတ်သောရွှေမြင်းရွှေဆိုင်(၂)ရှေ့တွင် ယနေ့ ဇွန်လ ၁၄ရက်နေ့၊ နံနက် ၄နာရီခွဲ ဝန်းကျင်၌ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို လူငယ်တစ်စုမှ ဓားနှင့်လိုက်ခုတ်ပြီး ဆိုင်ကယ်လုယူသဖြင့် ဆိုင်ကယ်လွှတ်ကာ ကိုယ်လွတ်ရုံးပြေးသူကို သေနတ်နှင့်လိုက်လံပစ်သည်ဟု မျက်မြင်များမှပြောသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် ကိုအောင်မြင့်မြတ်အား လူငယ် (၃)ဦးမှ ဓားနှင့်ခုတ်ကာ ဆိုင်ကယ်လုယူသွားပြီးနောက် ဆိုင်ကယ်ပိုင်ရှင်မှ ထွက်ပြေးရာ အနောက်သို့လိုက်လာပြီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ကိုအောင်မြင့်အားမထိမှန်ပဲ အနီးအနား ရွှေဆိုင်ရှိ လုံခြုံရေးဝန်ထမ်းမှာ ထိမှန်သွားကြောင်း သိရှိရသည်။

အောင်မြင့်မြတ်(ပါလျှံဝန်ထမ်းအိမ်ရာ၊ ရန်အောင်မြေ ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား အမည်မသိအမျိုးသားများမှ ဆိုင်ကယ်လုယက်ခဲ့ပြီး ဓားဖြင့်ခုတ်သဖြင့် ဦးခေါင်းဝဲဘက် ဂျိုစောင်း ဓါးဒဏ်ရာ(၃)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားများမှ ဓားဖြင့်လိုက်ခုတ်သဖြင့် ဓားဒဏ်ရာရရှိခဲ့သည့် ကိုအောင်မြင့်မြတ်မှ နောက်ကြောင်းသို့ ပြန်လည်လှည့်ထွက် ပြေးခဲ့ကာ ကြီးမြတ်သောရွှေမြင်း ရွှေဆိုင်(၂)ရှိ လုံခြုံရေးအဖွဲ့များထံသို့ အကူအညီတောင်းခံခဲ့ရာ ဆိုင်ကယ်လုယက်သူ(၃)ဦးအနက်မှ ပစ္စတို အမျိုးအစား(စိစစ်ဆဲ) သေနတ်ဖြင့်(၆)ချက် ပစ်ခတ်ခဲ့သည့်အတွက် ရွှေဆိုင်ရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား သေနတ်ထိမှန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အမျိုးသား ၃ ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေး ဝန်ထမ်း မြင့်မြတ်ထွန်း၏ ဝဲဘက်ပေါင် ဖောက်ဝင်/ထွက် ဒဏ်ရာ(၁)ချက်၊ ယာဘက်ပေါင် ဖောက်ဝင်/ထွက် ဒဏ်ရာ (၁)ချက် ထိမှန်ခဲ့သည့်အတွက် တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အမည်မသိ ကျား(၃)ဦးတို့အား ဖမ်းဆီးရမိရေး လုံခြုံရေးပူးပေါင်းအဖွဲ့များမှ လိုက်လံ စုံစမ်းဖမ်းဆီးရာ ဝှေလှေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ဝှေလှေလန်ကျေးရွာနှင့် အာခါ ကျေးရွာချင်းဆက်လမ်းအနီးတွင် တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အဖွဲ့ခေါင်းဆောင် ချဉ်ငံစပ်အား ဝဲဘက်ပေါင် သေနတ်ထိမှန် ရှပ်ထိဒဏ်ရာ(၁)ချက်ဖြင့် လည်းကောင်း၊ ကျန်အဖွဲ့ဝင် (၂)ဦး အနက် တစ်ဦးမှာ ကျား(၁)ဦး ခြေကျင်းဝတ် ပေါက်ပြဲ ဒဏ်ရာ(၁)ချက်ဖြင့်လည်းကောင်း၊ ကျန်ရှိ ကျား(၁)ဦး အား မည်သည့်ဒဏ်ရာမျှ မရရှိဘဲ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ချဉ်ငံစပ်(ခ)စိုးမိုးအောင် အဖွဲ့မှ ကိုကိုလတ်အား ထပ်မံစစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ဇွန်လ (၁၃)ရက်နေ့ ညပိုင်းတွင်လည်း ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးလမ်းနှင့် စည်ပင်ကုန်းလမ်းဆုံ အနီးတွင် အမည်(စုံစမ်းဆဲ) အမျိုးသားတစ်ဦးတည်း စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဓါးဖြင့် ခုတ်၍ လုယူခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်မှ ရွှေတြိဂံဟိုတယ် လုံခြုံရေးဝင်ပေါက်အနီးသို့ ထွက်ပြေး သွားစဉ် နောက်မှလိုက်လံ၍ သေနတ်ဖြင့် ပစ်ခတ်လုယူခဲ့ကြောင်း ထပ်မံ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

၄င်းတို့လုယူခဲ့ကြသည့် Wave 125 i အနက်ရောင် မော်တော်ဆိုင်ကယ်(၁)စီးနှင့် ဆန်ဆိုင်း(က) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ပုံလို့လမ်းတောင့်အနီး ကြီးမြတ်သောရွှေမြင်းရွှေဆိုင်(၂)ရှေ့ တွင် ဓါးဖြင့်ခုတ်၍ သေနတ်ဖြင့်ပစ်ခတ်ပြီး လုယူခဲ့သည့် Wave 110 အနက်ရောင် မော်တော် ဆိုင်ကယ်(၁)စီးနှင့် ၎င်းတို့ စီးနင်း အသုံးပြုခဲ့သည့် Wave 125 ခဲ/ပြာရောင် မော်တော်ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း မော်တော်ဆိုင်ကယ်(၃)စီးနှင့် ကျူးလွန်ရာတွင် အသုံးပြု သည့် အရိုးအသွား(၂)ပေခွဲခန့်ရှိ ငှက်ကြီးတောင် ဓါးဦးချွန် ဓါးရှည်(၁)ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#PAN