ရွာထဲသို့ ဝက်ဝံဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွားသားတစ်ချို့ ထိခိုက်ဒဏ်ရာရ


(ပြည်တွင်း) ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပေါက်နွယ်စမ်းအုပ်စု၊ စမ်းကျေးရွာနှင့် မဲဇလီကျေးရွာကို ဝက်ဝံတစ်ကောင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ ဝက်ဝံမှာ ရခိုင်ရိုးမအတွင်းမှ လမ်းကြောင်းမှားဝင်ရောက်လာခဲ့တာဖြစ်နိုင်ပြီး ရခိုင်ပြည်နယ်ဖက်တွင် အများဆုံးတွေ့ရကြောင်း ကမ္ဘာပေါ်တွင်နေထိုင်သည့် ဝက်ဝံမျိုးစိတ်ရှစ်မျိုးရှိသော်လည်း ဟိမဝန္တာဝက်ဝံနှင့် နေ ဝက်ဝံ မျိုးစိတ် ၂ မျိုးသာ မြန်မာနိုင်ငံတွင် နေထိုင်ပေါက်ပွားပြီး ယခုတွေ့ရှိသည့် ဝက်ဝံမှာ နေဝက်ဝံအမျိုးအစား ဖြစ်ကြောင်း တောရိုင်း တိရိစ္ဆာန်ကျွမ်းကျင်သူများ၏ ပြောဆိုချက်အရ သိရသည်။
ဇွန်လ ၁၀ ရက်နေ့က ၎င်းကျေးရွာများအတွင်းသို့ ဝက်ဝံဝင်ရောက်တိုက်ခိုက်မှုကြောင့် စမ်းကျေးရွာမှ ဦးမြင့်လှိုင် (ဘ) ဦးထွန်းတင်၊ ဦးမြင့်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်မချို(ဘ) ဦးတင်လှတို့ ဒဏ်ရာရရှိခဲ့ကြသကဲ့သို့ မဲဇလီကျေးရွာမှ ဦးတင်မောင်ချို(ဘ) ဦးကြည်ဝင်း၏လက်နှင့်ခြေထောက်တွင် ဝက်ဝံကုတ်ခြစ်ဒဏ်ရာများ ရရှိခဲ့ကြသည့်အတွက် ကြံခင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေကြကြောင်း သိရသည်။
ပေါက်နွယ်စမ်းအုပ်စုအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဝက်ဝံအား ကျေးရွာသားများမှ စုပေါင်းမောင်းထုတ် သော်လည်း မနိုင်သည့်အတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ လုံခြုံရေးအဖွဲ့အားခေါ်ယူရှင်းလင်းခဲ့ရာ အဆိုပါဝက်ဝံအား အသေဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကျေးရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

#PAN