မင်းဘူးမြို့ ၊”ရွှေဧရာ” မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်၏ ညစောင့်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ


(အကြမ်းဖက်မှု) ဇွန် ၁၃

မကွေးတိုင်း‌ဒေသကြီး၊ မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဝေဠုဝန်လမ်းတွင် ဖုန်းဆိုင်ညစောင့် သက်ကြီးအမျိုးသား ၁ ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

အသတ်ခံရသူသည် “ရွှေဧရာ” မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်၏ ညစောင့်ဝန်ထမ်းဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးဇော်မြင့်သန်း ဖြစ်ပြီး ယနေ့ နက်အစောပိုင်းက ဆိုင်ရှေ့မှာ အသတ်ခံထားရသည့်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်း ဆိုင်ဖွင့်ချိန်တွင် ဝန်ထမ်းများဆိုင်လာဖွင့်ရာမှ အသတ်ခံထားရတာကို သိရကြောင်း၊ ဦးဇော်မြင့်သန်း မှာ ဆိုင်ရှေ့ ကြော်ငြာဗွီနိုင်းတွေကာပြီး အိပ်တတ်သူဖြစ်၍ လူတွေကသတိမထားမိကြကြောင်း ညကတည်းက အသတ်ခံရတာဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဦးဇော်မြင့်သန်း၏ ဦးခေါင်းကိုကျောက်ခဲနဲ့ ထုထားတဲ့ဒဏ်ရာများတွေ့ရှိရပြီး ဦးခေါင်းကြေမွသေဆုံးနေတာဖြစ်ကြောင်း သိရသည်။

၎င်း မသေဆုံးခင် ဇွန် ၁၀ ရက်ညပိုင်းက ၎င်းနေထိုင်ရာအနီးရှိ ဆိုင်တစ်ဆိုင်က သုံးဘီဆိုင်ကယ် ၁ စီးကို လူတစ်စုကလာခိုးစဥ် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တာကြောင့် အဆိုပါလူတွေက မကျေနပ်တဲ့အတွက် လာသတ်သွားတာ ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့များလာရောက်စစ်ဆေးခဲ့ပြီးနောက် အလောင်းအား မင်းဘူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မေ ၃ ရက် ညပိုင်းကလည်း မင်းဘူးမြို့နယ်၊ ရေပုတ်ရွာက ဆန်စက်လုပ်ငန်းရှင်နေအိမ် ဓားပြတိုက်ခံရပြီး နေအိမ်ပိုင်ရှင်တွေကို ကြိုးတုပ်ရိုက်နှက်ပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ ရွှေအချို့ယူသွားတဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ