(စီးပွားရေး) ဇွန် ၁၀
(MN)
မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲများ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲစိုက်ဧက ၃၀၀၃၅၃၇ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၂.၃၄ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၀၃၁၁၁ ထွက်ရှိခဲ့ပါသည်။ ထို့ကြောင့်မြေပဲသီးနှံမှ ဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်း ဆီထွက်ရှိမှု၏ ၅၀.၄၉ ရာခိုင်နှုန်း ထွက်ရှိခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းစားသုံးဆီဖူလုံပြီး နိုင်ငံခြားမှသွင်းကုန်အတွက် ကုန်ကျစရိတ်လျှော့ချရေးလုပ်ငန်းစဉ်အဖြစ် ဆီထွက်သီးနှံအထွက်တိုးရေးအတွက် ဆီထွက်သီးနှံဇုန်များသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် တောင်သူများသည် ဆီထွက်သီးနှံများ အထွက်တိုးရေးကို ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျော ညီထွေစွာစိုက်ပျိုးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး သီးနှံစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်လာပါသည်။
အပင်အညှောက်ပေါက်သည်မှ ရိတ်သိမ်းချိန်အထိ မျိုးကွဲအလိုက် အသက်ရက် ၁၁၀-၁၃၀ ရက်ခန့်ရှိပြီး တစ်နှစ်မိုးရွာသွန်းမှု ၂၀-၃၉ လက်မ စိုက်ပျိုးနိုင်သော်လည်း ရေငတ်ဒဏ်ခံနိုင်သည့် အတွက် မိုးရေချိန် ၁၂-၁၆ လက်မရွာသွန်းသည့် ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်သည် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီ ဂရိတ်အောက်လျော့နည်းပါကကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါကလည်း ပန်းပွင့်ခြင်းကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး သီးနှံ အထွက်နှုန်းကို ကျဆင်းစေနိုင်ပါသည်။ ထို့ကြောင့် မြေပဲသီးနှံကြိုက်နှစ်သက်မှုမရှိသည့် ရာသီဥတုအခြေအနေများကိုလည်း ရှောင်လွှဲပြီး စိုက်ပျိုးမည့်ရာသီချိန်ကို သေချာစွာဂရုပြုရွေးချယ်သင့်ပါသည်။
ရေစိမ့်ဝင်အားကောင်းပြီး မြေသားပွရွ၍ ကယ်လ်ဆီယမ်နှင့် မြေဆီလွှာသစ်ဆွေးဓာတ် အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားသည် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။ မြေပဲပင်များ ကောင်းစွာကြီးထွားပြီး မြေပဲစွယ်များမြေထဲသို့ လွယ်ကူစွာထိုးဝင်နိုင်ရန်နှင့် ရိတ်သိမ်းရာတွင် မြေပဲတောင့်များ မြေထဲတွင် ကျန်ရစ်နိုင်မှုနည်းပါးစေရန် မြေမှုန်ဖွဲ့စည်းမှုကောင်းမွန်ရန် လိုအပ်ပါသည်။ သဲနုန်း၊ နုန်းမြေ၊ နုန်းမြေစေးနှင့် သမမြေစေးစသည့် မြေများတွင် စိုက်ပျိုးလျက်ရှိသော်လည်း ရွှံ့စေးမြေများတွင်စိုက်ပျိုးပါက နုတ်သိမ်းရာတွင် အခက်အခဲရှိသဖြင့် ရွှံ့စေးများတွင် မြေပဲစိုက်ပျိုးရန်မသင့်တော်ပါ။ အနည်းငယ်စေးသောမြေများတွင် စိုက်ပျိုးလိုပါက သဘာဝမြေဆွေးများနှင့်ရောမွှေ၍ ထွန်ရေးမှုန့်ညက်အောင် ပြုပြင်ဆောင်ရွက်သင့်ပါသည်။ မြေပဲသီးနှံကို မြေချဉ်ငန်ကိန်း ၆.၀-၆.၅ တွင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။
မြေပဲအစေ့အဆန်သည် အခြားဆီထွက်သီးနှံများထက် အစေ့အရွယ်အစားပိုကြီးသဖြင့် ပင်မျိုးညှောက်ပေါက်ရန်အတွက် အခြားသီးနှံများထက် အစိုဓာတ်ပိုမိုလိုအပ်ပါသည်။ မိုးမြေပဲအား မေလနှင့် ဇွန်လတို့တွင် လည်းကောင်း၊ ဆောင်းမြေပဲကို အထက်မြန်မာပြည်တွင် စက်တင်ဘာလ၌လည်းကောင်း စိုက်ပျိုးကြပြီး ကိုင်းမြေ၊ ကျွန်းမြေ၊ နုန်းတင်မြေနုမြေများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မိုးစပါးစိုက်ပျိုးအပြီးတွင် စိုက်ပျိုးကြပါသည်။
မြေပဲသီးနှံကို မိုးရေများစိမ့်ဝင်ပြီး အစိုဓာတ်ထိန်းထားရန်အတွက် မိုးကြိုထယ်ရေး ကြိုတင်ဆောင်ရွက်ထားသင့်ပါသည်။ ထယ်ရေးပြင်သည့်အခါ သီးနှံအကြွင်းအကျန်များ၊ ပေါင်းပင်များကို မီးမရှို့ဘဲမြေထဲသို့ပြန်ထည့်ခြင်းဖြင့် မြေဆွေးဓာတ်ရရှိစေပြီး အစိုဓာတ်ကိုလည်း ပိုမိုထိန်းထားနိုင် မည်ဖြစ်ပါသည်။ ထို့ပြင် ကိုင်းမြေများနှင့် လယ်သီးထပ်စိုက်သော မြေများတွင်ထယ်ရေးကောင်းစေရန်အတွက် ပထမအကြိမ်ထယ်ထိုးပြီး ကြမ်းတုံးရိုက်ကာ တစ်ညသိပ်ထားပြီးသည့်နောက် ထွန်မွှေခြင်းသည်လည်း မြေတွင်းအပူချိန်နှင့် အစိုဓာတ်များ ထွက်ရှိလာမှုတို့ကြောင့် မြေသားမွလာပြီး ထယ်ရေးကောင်းစေမည် ဖြစ်ပါသည်။
မြေမာကြောဖြစ်ပေါ်တတ်သည့် သဲမြေများတွင် မြေပဲစိုက်ပျိုးပါက အမြစ်များသည် မြေမာကြောကို မထိုးဖောက်နိုင်ဘဲ အပေါ်ယံမြေရှိ အစိုဓာတ်နှင့် အာဟာရဓာတ်ကိုသာ စုပ်ယူနိုင်သဖြင့် မြေပဲအထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် မြေသားမွပြီး ရေနှင့်အာဟာရဓာတ်စုပ်ယူမှုကောင်းစေရန်အတွက် ထယ်ရေးနက်နက် ပြုပြင်ခြင်းအားဖြင့် မြေပဲသီးနှံအထွက်တိုးရေးကို ဆောင်ရွက်ကြရပါမည်။
ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသည့်အထွက် ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ မျိုးစေ့အဆန်ရွေးချယ်ရာတွင် မျိုးစေ့အဆန်ကွဲများ၊ လုံးပိန်လုံးညက်များကို ဖယ်ရှား၍ မျိုးစေ့လုံးချောများကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ လက်ရှိစိုက်ပျိုးနေသည့် မြေပဲမျိုးများမှာ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ SP-121၊ တွန်တာနီ၊ မကွေး-၁၀၊ မကွေး-၁၁၊ မကွေး-၁၂ နှင့် ကျောင်းကုန်းပင်ပြန့်တို့ဖြစ်ပါသည်။ မြေပဲသီးနှံသည် ပဲမျိုးရင်းဝင်အပင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများထွက်ရှိပြီး လေထဲမှ နိုက်ထရိုဂျင်ဖမ်းယူနိုင်ရန်အတွက် မြေပဲမျိုးဆန်များကို ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။ ထို့ပြင် အပင်ပေါက်အားကောင်းစေရန်နှင့် မှိုနှင့်ပိုးမွှားရောဂါကျရောက်မှုကင်းစင်ရေးအတွက် မျိုးဆန်အား မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်စိုက်ပျိုးရန် လိုအပ်ပါသည်။
မြေပဲသီးနှံအထွက်တိုးရေးတွင် တစ်ဧကသတ်မှတ်အပင်ဦးရေဝင်ဆံ့မှုသည် အရေးကြီးပါသည်။ ပင်ထောင်မြေပဲအားပင်ကြား၊ တန်းကြား ၁၅”x ၄”နှင့် ပင်ပြန့်မြေပဲကိုပင်ကြား၊ တန်းကြား ၁၈”x ၆” ဖြင့် မျိုးစေ့အား ၁.၅ လက်မအနက်ထား၍ တစ်ဧကလျှင် မြေပဲမျိုးတောင့် ခြောက်တင်း-ရှစ်တင်း စိုက်ပျိုးသင့်ပါသည်။ မြေပဲစိုက်ပျိုးရာတွင် အပူချိန်များ၍ အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် နံနက်စောစောမှ နံနက် ၁၀ နာရီခွဲအထိနှင့် ညနေနေကျချိန် ၄ နာရီနောက်ပိုင်းတွင်သာ စိုက်ပျိုးသင့်ပါသည်။ ထို့ပြင် မြေပဲမျိုးစေ့ဆန် မျိုးစေ့ချပြီးပြီးချင်း သို့မဟုတ် နာရီဝက်အတွင်း ကြမ်းတုံးရိုက်၍ ဖုံးအုပ်ရန်လိုအပ်ပါသည်။ မြေပဲစိုက်ပျိုးရာတွင် အစိုဓာတ်အုပ်မိစေရန်၊ သတ်မှတ်အပင်ဦးရေ ဝင်ဆံ့စေရန်နှင့် မျိုးစေ့နှုန်းထားသက်သာစေရန်အတွက် လက်ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်းထက် မျိုးစေ့ချကိရိယာကို အသုံးပြု၍ စိုက်ပျိုးသင့်ပါသည်။
မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးပြီး ၈-၁၀ ပတ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စွယ်ချပြီး သီးတောင့်ကြီးထွားချိန်တို့တွင် ရေအလိုအပ်ဆုံး ကာလများဖြစ်ပါသည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အစိုဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းသည် မြေပဲသီးနှံ အထွက်တိုးစေနိုင်မည်ဖြစ်ပါသည်။
မြေပဲစိုက်ပျိုးပြီး လေး-ငါးရက်သားတွင် စိုက်ပျိုးမြေဆီလွှာအတွင်း လေဝင်လေထွက်ကောင်း၍ မြေတွင်းအပူချိန်လျော့နည်းပြီး အစာရေစာချက်လုပ် မှုအားကောင်းစေရန် မျိုးအညှောက်ကုန်ချိန် ကြားတိုက်ပေးရန်လိုအပ်ပါသည်။ ထို့ပြင် ကြားတိုက်ခြင်းအားဖြင့် တန်းကြားတွင် ပေါက်ရောက်နေသည့် ပေါင်းမြက်များကို ကာကွယ်နှိမ်နင်းပြီးသားဖြစ်စေပါသည်။ မြေပဲသီးနှံအတွက် ပေါင်းမြက်ကင်းစင် ရန်ကာလ သို့မဟုတ် လက်ပေါင်းရှင်းသင့်သည့်အချိန်မှာ စိုက်ပျိုးပြီး ၁၀-၂၀ ရက်သားတွင် အလေးပေးဆောင်ရွက်သင့်ပါသည်။ လက်ပေါင်းလိုက်ခြင်းအပြင် ဓာတုပေါင်းသတ်ဆေးများကိုလည်း အသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ယာသီးနှံများစိုက်ပျိုးရာတွင် မြေကြီးအစိုဓာတ်ထိန်းရန်နှင့် သီးနှံပင်အတွက် သစ်ဆွေး ဓာတ်များရရှိစေရန်အတွက် သဘာဝမြေဆွေး၊ နွားချေးဆွေးများကို တစ်ဧကလျှင် တင်း ၂၀ ပါ လှည်းငါးစီးမှ ခြောက်စီးနှုန်းကိုနှစ်စဉ် ထည့်ပေးသင့်ပါသည်။ မြေပဲသီးနှံသည် ပဲမြစ်ဖုဗက်တီးရီးယား (Rhizobium)၏ အစွမ်းဖြင့်လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်သော ပဲမျိုးရင်းဝင်ဖြစ်သည့်အတွက် ပဲမြစ်ဖုများဖြစ်ပေါ်ရန်အတွက် နိုက်ထရိုဂျင်မြေဩဇာအား သီးနှံစိုက်ပျိုးချိန်တွင် ထည့်သွင်းပေးသင့်ပါသည်။
မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင် မြေဩဇာထည့်သွင်းပေးခြင်းအားဖြင့် သီးတောင့် အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်ပါသည်။ ယူရီးယားတစ်ဧက ၁၉ ကီလိုဂရမ်ကို မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်းပေးသင့်ပါသည်။
မြေပဲမြစ်ဖုများများ ထွက်စေရန်နှင့် မြေပဲအတောင့်များဖြစ်ပေါ်စေရန်အတွက် တစ်ဧကလျှင် တီစူပါ ၃၈ ကီလိုဂရမ်နှုန်းနှင့် မြေပဲသီးနှံပင်များ အစာချက်လုပ်ရန်နှင့် အတောင့်ကြီးထွားစေရန် ပိုတက်မြေဩဇာအား တစ်ဧက ၁၉ ကီလိုဂရမ်တို့ကို မြေပြုပြင်ချိန်တွင် ထည့်သွင်းပေးသင့်ပါသည်။ မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆန်ကျောက်မှုန့်ကို ထည့်သွင်းပေးခြင်းဖြင့် မြေပဲတောင့်ကြီးထွားချိန်တွင် လိုအပ်သည့် ကယ်လ်ဆီယမ်အားရရှိစေပြီး ဆီပါဝင်မှုများစေသည့် ဆာလ်ဖာဓာတ်ကိုရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဂျစ်ပဆန်ကျောက်မှုန့် ကို စိုက်ပြီး ၄၅ ရက်သားတွင် တစ်ဧကလျှင် ၁၁၄-၁၃၆ ကီလိုဂရမ်ထည့်သွင်းပေးသင့်ပါသည်။ သို့ရာတွင် ဂျစ်ပဆန်ကျောက်မှုန့် ထည့်သွင်းချိန်တွင် အစိုဓာတ်လုံလောက်ရန်လည်း အရေးကြီးပါသည်။
မြေပဲသီးနှံပန်းတိုင်အထွက်နှုန်း တင်း ၇၀ ရရှိရေးဆောင်ရွက်ရာတွင် ဂရုပြုဆောင်ရွက်သင့်သည့် လုပ်ငန်းများမှာ-
(၁) မျိုးရွေးချယ်ရာတွင် မိုးခေါင်ဒဏ်ခံရသည့် မြေပဲစိုက်ခင်းမှ မြေပဲကို မျိုးအဖြစ် အသုံးမပြုရန်၊
(၂) မျိုးစေ့အဆန်ရွေးချယ်ရာတွင် နုလွန်း၊ ရင့်လွန်းခြင်းမရှိစေရန်နှင့် အစေ့၊ အခွံ ထိခိုက်သောအစေ့များအား ဖယ်ရှားရန်၊ မျိုးစေ့-အပင်ပေါက်ရာခိုင်နှုန်း စမ်းသပ်ပြီးမှ စိုက်ပျိုးရန်၊
(၃) စိုက်ပျိုးရာသီချိန် မှန်ကန်စွာရွေးချယ်ရန်၊
(၄) စိုက်ပျိုးမည့် မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊
(၅) ကယ်လ်ဆီယမ်ဓာတ် အပြည့်ပါရန် အပင် ၄၅ ရက်သား၌ လချေး/ကျောက် မှုန့်သုံးထားသောအကွက်မှ မြေပဲကိုမျိုးအဖြစ်သုံးပါ။
(၆) မျိုးထားမည့်စိုက်ခင်းအား နုတ်သိမ်းချိန် နီးက ရေမသွင်းရန်၊
(၇) ရိတ်သိမ်းချိန် စောလွန်း/နောက်ကျ လွန်းခြင်းမဖြစ်စေရန်စသည့် အချက်များကို အလေးထားဆောင်ရွက်သင့်ပါသည်။
မြေပဲသီးနှံ ပန်းတိုင်အထွက်ရရှိစေခြင်းဖြင့် နိုင်ငံတစ်ဝန်းစားသုံးဆီဖူလုံခြင်း၊ ဆီကြိတ်၍ထွက်ရှိသော ကြိတ်ဖတ်များသည် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်၍ မွေးမြူရေးကဏ္ဍ တိုးတက်လာစေခြင်းတို့ဖြင့် နိုင်ငံ၏လူမှုစီးပွားဘဝမြင့်မားတိုးတက်လာမည်ဖြစ်ပါ၍ ဂရုပြုသင့်သည်များ တင်ပြလိုက်ပါသည်။
Telegram>>…
https://t.me/positiveanglenews