မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး သစ်ဆွေးမြေ (Peat Land)


(ပြည်တွင်း) ဇွန် ၁၀

မြန်မာနိုင်ငံတွင် အင်းလေးကန်ဒေသသည် သစ်ဆွေးမြေ (Peatland) (၉၁၀၅.၉၄) ဟက်တာ ရှိပြီး ပထမ အကြီးဆုံး၊ ဟဲဟိုးလွင်ပြင်ဒေသသည် သစ်ဆွေးမြေ (Peatland) (၁၆၈၄) ဟက်တာရှိပြီး ဒုတိယအကြီးဆုံးနှင့် မြန်အောင်မြို့နယ် ထူအင်းသည် သစ်ဆွေးမြေ (Peatland)(၅၀၁)ဟက်တာ ရှိပြီး တတိယအကြီးဆုံးဖြစ်ကြောင်း၊ မြန်အောင်မြို့နယ် ထူအင်းသည် ထိန်းသိမ်းရမည့် ကမ္ဘာ့သစ်ဆွေးမြေ စာရင်းတွင်ပါ၀င်ကြောင်း ၂၀၁၄ ခုနှစ်က လာရောက်လေ့လာခဲ့သော သစ်တောသယံဇာတပတ်၀န်း ကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA)မှ SEA Peat Project Myanmar စီမံကိန်း(ထူအင်း/မြန်အောင်) မှသိရသည်။

အဆိုပါ ထူအင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ မြန်အောင်မြို့နယ် ၊ အင်ပင်မြို့ ထူကျေးရွာအုပ်စုတွင်တည်ရှိပြီး အင်ပင်မြို့ အရှေ့ဘက် (၅) မိုင်အကွာ အင်ပင်-ထူ-ဒေါင်းကျ လမ်းဘေးတွင်တည်ရှိသည်။ အဆိုပါ ထူအင်းဘေးပတ်ဝန်းကျင် ကျေးရွာနေ ဒေသခံများသည် အင်းမကြီးအတွင်းပေါက်ရောက်သော ပိန်းပင်များ၏ ပိန်းရိုးကို အခြောက်ခံ၍ ရောင်းချခြင်း၊ အင်းအတွင်းမှထွက်ရှိသောကြာဖူး၊ ကြာစွယ်၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို ခူးယူ ရောင်းချကြသည်။ ထူအင်းမကြီးနှင့်ဆက်စပ်လျက်ရှိသော ဥယျာဥ်ခြံများအတွင်း စိမ့်စမ်းရေများ ရှိခြင်းကြောင့် နှစ်ရှည်သီး ပင်စားပင်များဖြစ်သော ကွမ်းသီးပင်၊ မင်းဂွတ်သီးပင်၊ ဒူးရင်း သီးပင်၊ ကြက်မောက်သီးပင်၊ အုန်းပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသထွက် မင်းဂွတ်သီး၊ ဒူးရင်းသီးသည် လူကြိုက်များ ထင်ရှားသော ဒေသထွက်အသီး အနှံဖြစ်သည်။ ထို့အပြင် ထူအင်းမကြီးအနီး တောင်ယာများတွင် မြေပဲနှင့် ပဲမျိုးစုံစိုက်ပျိုးခြင်း၊ ထန်းတောများရှိ၍ ထန်းလျက်ချက် ခြင်းတို့ လုပ်ကိုင်ကြရာ ဒေသခံတို့၏ အဓိကစီပွားရေး လုပ်ငန်းဟု ဆိုနိုင်ပေသည်။

သစ်ဆွေးမြေ(Peat Land)များကို အကြောင်းအမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိရာ မှန်ကန် ကောင်းမွန်သော စီမံအုပ်ချုပ်မှု (Good Management) ရှိစေရန် လိုအပ်ကြောင်းနှင့် ဒေသပတ်၀န်းကျင် တစ်ခု၏ သစ်ဆွေးမြေစီမံခန့်ခွဲမှုသည် အဆိုပါဒေသ၏ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ကာဗွန်စုပ်ယူထိန်းသိမ်းရေး၊ ရေသံသရာနှင့် ရေသယံဇာတ ထိန်းသိမ်းရေး၊ ဒေသခံများ၏လူမှုစီးပွားရေး အစရှိသည်ဖြင့် အပြန်အလှန်ဆက်စပ်နေကြောင်းသိရသည်။

အင်းလေးဒေသတွင် အင်းလေးကန်စပ်တစ်လျှောက်တွေ့ရှိရသော သစ်ဆွေးမြေမှာ(အနက် ၃ မီတာ) အထိရှိကြောင်း၊ကျွန်းမျောသစ်ဆွေးမြေမှာ(အနက် ၅၀ စင်တီမီတာမှ ၁.၅မီတာအထိ) ကန်ရေမျက်နှာပြင်ပေါ်တွင်တွေ့ ရှိရပြီး တောင်ပို့ကြီးကျေးရွာတွင်တွေ့ရှိရသော သစ်ဆွေးမြေကုန်းမှာ (အနက် ၆.၅ မီတာ)ရှိပြီး ရှားပါးသော သစ်ဆွေးမြေတောင်ကုန်း အမျိုးအစားဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ ဟဲဟိုးလွင်ပြင်ဒေသရှိ သစ်ဆွေးမြေဧရိယာတွင် သစ်ဆွေးမြေမှာ (အနက် ၁၅ စင်တီမီတာမှ ၂၉၅ စင်တီမီတာ) အထိရှိကြောင်းနှင့် မြန်အောင်မြို့နယ် ထူအင်းသစ်ဆွေးမြေမှာ (အနက် ၁၅ စင်တီမီတာမှ ၂ မီတာ) အထိရှိကြောင်း သစ်တောသယံဇာတ ပတ်၀န်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း(FREDA)မှ SEA Peat Project Myanmar စီမံကိန်း(ထူအင်း/မြန်အောင်) ၏ သစ်ဆွေးမြေစီမံကိန်း Project ၏ လေ့လာမှုများအရ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်မြို့ အနီးရှိ မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး သစ်ဆွေးမြေ (Peat Land) ထူအင်း ရေရှည်တည်တံ့စေရန်အတွက် ရေဝင်ဧရိယာများ လျော့နည်းမှုမရှိစေရန် ၊ သစ်ဆွေးမြေဧရိယာ လျော့နည်းမှုမရှိစေရန် စနစ်တကျ ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ