နစက က နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံ


(သာသနာရေး) ဇွန် ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာအခမ်းအနားကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ကျင်းပပြုခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ပြီး အဆောင်အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများလည်း အဆိုပါခမ်းအနားကို ကြွရောက်ချီးမြှင့်တော်မူကြကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် သဗ္ဗညုဘုရားရှင် ဟောညွှန်တော်မူခဲ့သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟုဆိုအပ်သော သာသနာတော်သုံးရပ်၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းစွာ ထမ်းဆောင်တော်မူကြသည့် သံဃာတော်အားလုံးကို ဦးဆောင်နေရသဖြင့် နိုင်ငံတော်၏ ဗုဒ္ဓသာသနာတော်အတွက် တာဝန်ကြီးမားစွာဖြင့် ဦးဆောင်နေရသည့် သံဃာ့အဖွဲ့ အစည်းကြီးဖြစ် ကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူဆောင်ရွက်နေသည့် ကာလ တွင် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သာသနာ့တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြပါစေရန် ရည်သန်လျက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက မဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံသွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လျှောက်ထားတင်ပြခဲ့ ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီး၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များအားဆပ်ကပ်ခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ