နျူကလီးယားစစ်ဖြစ်လျှင် အမေရိကန်က မဟာမိတ်များကို မကယ်တင်နိုင်


(နိုင်ငံတကာ) ဇွန် ၉

ကမ္ဘာပေါ်တွင် နျူကလီးယားစစ်ပွဲဖြစ်ပွားပါက အမေရိကန်အနေဖြင့် ၎င်း၏မဟာမိတ်နိုင်ငံများကို ကယ်တင်နိုင်မည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောသည်။

အထူးသဖြင့် ဥရောပမှ NATO တပ်ဖွဲ့ဝင် နိုင်ငံများအအနေဖြင့် စဉ်းစားရမည့်အချက်မှာ နျူကလီးယား စစ်ပွဲဖြစ်ပွားလျှင် အမေရိကန်နိုင်ငံက ပါဝင်နိုင်ခြင်း ရှိ/မရှိဖြစ်ကြောင်း၊ အဓိကအားဖြင့် မဟာဗျူဟာမြောက် လက်နက်အဆင့်တွင်ဖြစ်ကြောင်း ပူတင် က စိန့်ပီတာစဘာ့ နိုင်ငံတကာစီးပွားရေးဖို ၌ပြောသည်။

ရုရှားနှင့်အမေရိကန်တို့တွင် အဆင့်မြင့် ကြိုတင်သတိပေးစနစ်များ ရှိသည့်အတွက် ပိုင်နက်အတွင်း ဝင်လာသော ဒုံးကျည်များကို ကြိုတင်ထောက်လှမ်း သိရှိနိုင်ကြောင်း၊ ဥရောပရှိ NATO တပ်ဖွဲဝင်နိုင်ငံများတွင် ထိုသိုသောစနစ် မရှိကြောင်း၊ ထိုကြောင့် ယင်းနိုင်ငံများအနေဖြင့် အကာအကွယ်မရှိသလောက် ဖြစ်ကြောင်း ပူတင် ကရှင်းပြသည်။

ထို့အတူ ရုရှားနိုင်ငံက ပိုင်ဆိုင်ထားသော နည်းဗျူဟာမြောက်နျူကလီးယားလက်နက်များမှာ အမေရိကန်က ဟီရိုရှီးမားနှင့် နာဂါဆာကီ တို့တွင် အသုံးပြုခဲ့သည့်ဗုံးများထက် သုံးဆမှ လေးဆအထိ ပိုမိုပြင်းထန်မှုရှိကြောင်း ပူတင်ကဆက်ပြောသည်။

ထိုကြောင့် မည်သည့်ပုံစံမျိုးဖြင့်မဆို ဖြစ်ပွားသည့် နျူကလီးယားစစ်ပွဲများသည် အတိအကျမခန့်မှန်း နိုင်သော သေကျေပျက်စီးမှုများကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ပူတင် က သတိပေးထားသည်။

လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် ၎င်းတို၏ နျူကလီးယားလက်နက် အသုံးပြုမည့်မူဝါဒကို ပြောင်းလဲခြင်းမရှိသေးကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်တို့အပေါ် ခြိမ်းခြောက်လာ စေသည့် ကိစ္စရပ်မျိုးများတွင်သာ နျူကလီးယားလက်နက်များကို အသုံးပြုမည်ဖြစ်ကြောင်း ပူတင် က ပြောသည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ရုရှားနှင့်တိုက်ရိုက် ပဋိပက္ခ ဖြစ်ပွားသည့်နိုင်ငံများ မဟုတ်သော်လည်း ယူကရိန်းနိုင်ငံ သို့ လက်နက်ခဲယမ်းများ ပေးပိုထောက်ပံ့ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှာပင် ယူကရိန်းအနေဖြင့် ၎င်းတို့ထောက်ပံ့ပေးသော လက်နက် များကိုအသုံးပြုကာ ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက် နိုင်ပြီဖြစ်ကြောင်း အမေရိကန်၊ ဗြိတိန်နှင့် အခြား သော NATO တပ်ဖွဲဝင်နိုင်ငံများက ခွင့်ပြုလိုက်သည်။

ရုရှားနိုင်ငံက အနောက်အုပ်စုကို သတင်းစကားပါးလိုသည့်အနေဖြင့် ယူကရိန်းနှင့်နယ်စပ် တစ်လျှောက်ရှိ စစ်ဒေသအနေဖြင့် မဟာဗျူဟာမြောက် မဟုတ် သော နျူကလီးယားလက်နက်များ ဖြန့်ကြက်မှု ဇာတ်တိုက်လေ့ကျင့်ခန်းလုပ်ရန် ရုရှားသမ္မတရုံးက ပြီးခဲ့သည့်လတွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ