ပြည်ပကို သင်္ဘော ၁၀ စင်းဖြင့် ငါးမျိုးစုံ ၁၀၈၁၂ တန် တင်ပို့နိုင်ခဲ့ဟုဆို


(စီးပွားရေး) ဇွန် ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိကအများဆုံး ဝယ်ယူနေသည့် ပြည်တွင်းမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ စသည့်ရေချိုငါးများကို စံပြငါးဈေး (အောင်မင်္ဂလာဆိပ်ကမ်း) ကို ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်ပြီး တိုက်ရိုက်တင်ပို့နေကြောင်း သိရသည်။
ယခင်က ရန်ကုန်မှတင်ပို့နေသောငါးများကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ စစ်ဆေးမှုများပြုလုပ်ပြီး တင်ပို့ခဲ့သော်လည်း ယခုအခါ ပို့ကုန်လမ်းကြောင်းသစ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့မည့် ရေချိုငါးများအား အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် စံပြငါးဈေး (အောင်မင်္ဂလာဆိပ်ကမ်း) ကို ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်ပြီး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ပါဝင်သည့် One Stop Services(OSS) အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် နေကြောင်း သိရသည်။
ထိုသို့တင်ပို့ရာတွင် One Stop Services (OSS) အဖွဲ့မှ နေ့စဉ်တင်ပို့မှုကို အဖွဲ့ဖြင့် စနစ်တကျစစ်ဆေးပြီးပါက Seal ပိတ်ခြင်း၊ ပို့ကုန်လိုင်စင်နှင့် ပို့ကုန်ကြေညာလွှာပါအတိုင်း ငါးအမျိုးအစား၊ အရေအတွက်ကွဲလွဲမှုမရှိစေရေး ရေယာဉ်ပေါ်တွင် မူးယစ်ဆေးဝါး လက်နက်ခဲယမ်းပစ္စည်းများ ပါရှိမှုမရှိစေရေးတို့အတွက် စနစ်တကျ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စံပြငါးဈေး(အောင်မင်္ဂလာဆိပ်ကမ်း)မှ ၂၀၂၄ ခုနှစ် မတ်လမှ ဇွန် ၁ ရက်ထိ သင်္ဘော ၁၀ စင်းဖြင့် ငါးမျိုးစုံ ၁၀၈၁၂ တန် တင်ပို့နိုင်ခဲ့ ကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်မုတ္တမဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းသီး၊ ဆီးထုပ်၊ ငါးနီတူ ခြောက်၊ မုန့်ဖတ်ခြောက်၊ ကော်ဖီမစ်၊ မာမီးခေါက်ဆွဲ၊ ရွှေပြည်နန်း သနပ်ခါး၊ ဖိနပ်၊ ကျောက်ချဉ်၊ ဆေးကုလားမ စုစုပေါင်းတန်ချိန် ၆၂၃ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

#PAN

#AMH