နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့်

နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့်

မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကိုလွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့်အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပမှလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ၏သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာများနှင့်   ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း    သိရှိရပါသည်။

၂။ ၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG ၎င်းတို့နှင့်ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ထုတ်ပြန်ခဲ့သည့်အာဏာရှင်ဆန်သည့်ထုတ်ပြန်ချက်၊ ပြောကြားချက်တို့အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီးရောက်ရှိရာနေရာများ၌လည်း  လုံခြုံရေး အာမခံချက်မရှိမှု၊  လူမှုစီးပွားဘ၀ အဆင်မပြေခက်ခဲမှုတို့နှင့်ရင်ဆိုင်နေရသဖြင့် မိမိတို့နေရပ်ဒေသ အသီးသီးသို့ ပြန်လာလိုသည့်ဆန္ဒများဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။

၃။ ယခုဖြစ်စဉ်ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦများအားဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့်ဝန်ထမ်းများ၊အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ် အသီးသီးမှပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အထူးသက်ညှာစွာ  ဖြေလျော့ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၄။ မိမိနေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည်လည်း မိမိတို့နိုင်ငံသားများ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသ အသီးသီးသို့ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်သွားမည်
ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ နေရပ်ဒေသအသီးသီးသို့ အကြောင်းအရာတစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထား သူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးမှု များနှင့်အညီ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံ အုပ်ချုပ်ရေးကောင်စီများနှင့်  ပြည်ပရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့  ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်  သတင်းထုတ်ပြန်အပ်ပါသည်။

 သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ