ငါးခူမွေးခြင်းကို တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လာ

(စီးပွားရေး) ဇွန် ၇

မွေးမြူရေးငါးခူမွေးခြင်းကို မြန်မာနိုင်ငံတွင် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လာကြကြောင်း ငါးသားပေါက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မွေးမြူရေးငါးခူကို တစ်နိုင်တစ်ပိုင်မွေးမြူနေကြသကဲ့သို့ စားဖားနှင့် ငါးပြေမတို့ကိုလည်း တစ်နိုင်တစ်ပိုင်မွေးမြူနေကြပြီး ၎င်းတို့သုံးမျိုးမှာ ကာလတိုသဖြင့် သုံးလအတွင်း ရောင်းတမ်းဝင်နိုင်ကာ ဝင်ငွေတိုးစေနိုင်ကြောင်း သိရသည်။

“တစ်နိုင်တစ်ပိုင် မွေးမြူချင်တဲ့ဆန္ဒရှိရင်ပေါ့။ တချို့ကတော့ တာလပတ်တွေနဲ့ မွေးကြတာရှိတယ်။ အဲဒါကျငါးမြစ်ချင်း၊ ငါးမုတ်ကမွေးလို့မရဘူး။ မွေးလို့ရတာက ဖားနဲ့ မွေးမြူရေးငါးခူ၊ ငါးပြေမမွေးလို့ရတယ်။ တခြားဧကလိုက်မွေးမယ်ဆိုရင်တော့ ငါးမြစ်ချင်း၊ ငါးမုတ်၊ ရွှေဝါ၊ ငါးခေါင်းပွကတော့ ပုံမှန်မွေးကြတာပါ။ တစ်နိုင်တစ်ပိုင်ကတော့ ဖားနဲ့မွေးမြူရေးငါးခူပါ။

ငါးပြေမက အုတ်ကန်နဲ့ မွေးလို့ရတယ်။ ချောင်ချောင် လေးလည်းဖြစ်ရမယ်။ စားဖား၊ ငါးခူ၊ ငါးပြေမ အဲဒီသုံးမျိုးကနှစ်လ၊ သုံးလဆိုဆိုက်ကြီးအနေထုတ်လို့ရပြီ။ ဒါကို တစ်ပိုင်တစ်နိုင်မွေးမြူနိုင်ကြမယ်ဆိုရင် ကာလလည်းတို၊ ဈေးကွက်လည်းဝင်၊ ဝင်ငွေလည်းတိုးစေနိုင်တယ်။ ကိုယ့်ငါးအကောင်ရေနဲ့ ကိုယ့်အစာကိုလည်း ကျွေးတတ်ဖို့လိုပါတယ်” ဟု ခရမ်းမြို့နယ်ရှိ ဧက ၁၀၀ ကျော် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ကိုဇော်မိုး ငါးသားပေါက်ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။

လက်ရှိအချိန်သည် ငါးသား‌ပေါက်ရာသီဖြစ် ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ငါးသားပေါက်ရာသီကို ဧပြီ၊ မေနှင့်ဇွန်လအထိ သတ်မှတ်ဆောင်ရွက်ခဲ့ကာ ဇူလိုင်လမှစတင်ကာ ငါးဖမ်းရာသီအဖြစ် သတ်မှတ်ထားသည်။
ပြီးခဲ့သည့်နှစ်များအတွင်းက မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရကာလ Closed Season ကို ငါးဖမ်းလှေအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နှစ်လမှ သုံးလအထိ ပိတ်သိမ်းခဲ့ကြောင်းနှင့် ငါးသားပေါက်ရာသီ (သို့မဟုတ်) ငါးမဖမ်းရကာလကို ဧပြီ၊ မေ၊ ဇွန်လတို့အဖြစ် သတ်မှတ်ထားပြီး တစ်နှစ်လျှင်ရှေ့တစ်လစီတိုးကာ သတ်မှတ်သွားမည့်အစီအစဉ်အတိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

#PAN

#AMH